ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီနွေမှာ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူထားရတဲ့ စပိန် ဂိုးသမား ကီပါ အာရီဇာဘယ်လာဂါကို အပြီးသတ် ခေါ်ယူသွားချင်နေပေမယ့်လည်း ပြောင်းရွှေ့ကြေးကိုတော့ ပေါင် (၁၇.၅)သန်းထက် ပိုမိုပေးပြီး ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိဘူးလို့ သိရှိရပါတယ်။

ရီးယဲလ်ဟာ အသင်းရဲ့ အဓိက ဂိုးသမား ကော်တွိုက်စ် ACL injury ရရှိရင်း ကာလရှည်ကြာ အနားယူရတော့မှာမို့ ဂိုးသမား လိုအပ်ချက်အရ ချယ်လ်ဆီး ဂိုးသမား ကီပါကို တစ်ရာသီ အငှားနဲ့ ခေါ်ယူလိုက်ရပြီး လက်ရှိ ပွဲတိုင်းနီးပါး ကီပါကိုပဲ အသုံးပြုနေရပါတယ်။

Photo Credit : We Ain’t Got No History

ကမ္ဘာ့ ပြောင်းရွှေ့ကြေး အမြင့်မားဆုံး ဂိုးသမားဖြစ်တဲ့ ကီပါကလည်း မွေးရပ်မြေ စပိန်ကိုပြန်ပြီး ရီးယဲလ်လို အသင်းကြီးတစ်သင်းမှာ ပါဝင်ကစားရတာဖြစ်လို့ ပျော်ရွှင်နေပြီး အငှားသက်တမ်း ပြည့်သွားရင်တောင် ချယ်လ်ဆီးဆီ မပြန်တော့ပဲ ရီးယဲလ်နဲ့သာ ဆက်လက် လက်တွဲချင်တယ်လို့ ဖွင့်ဟထားပါတယ်။

ရီးယဲလ်ကလည်း အသင်းမှာ အံ့ဝင်ခွင်ကျ ကစားနေနိုင်တဲ့ ဂိုးသမား ကီပါကို အပြီးသတ် ခေါ်ယူသွားဖို့ ဆန္ဒရှိနေပေမယ့်လည်း ကီပါအတွက် ပြောင်းရွှေ့ကြေးကိုတော့ ပေါင် (၁၇.၅)သန်းအထိ ကျော်လွန် အသုံးပြုရမှာကိုတော့ မလိုလားဘူးလို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : The Sun

အသက် (၂၉)နှစ်အရွယ် ဘီလ်ဘာအို ဂိုးသမားဟောင်း ကီပါဟာ ၂၀၁၈ခုနှစ်ကမှ ဘီလ်ဘာအိုကနေ ချယ်လ်ဆီးအသင်းဆီ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၇၁.၆)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအတွက် စုစုပေါင်း (၁၆၃)ပွဲ ပါဝင်ကစားပေးနိုင်ခဲ့ပါတယ်။

အခု ချယ်လ်ဆီးက သူ့ကို ရီးယဲလ်အသင်းဆီ အငှားပို့ပြီးချိန် အသင်းအတွက် ရောဘတ် ဆန်းချက်ဇ် နဲ့ ပတ်ထရိုဗစ်တို့လို ဂိုးသမားတွေကို ပြန်လည် အားဖြည့်ထားတာကြောင့် ကီပါကို သေချာပေါက် အပြီးသတ် လက်လွတ်သွားနိုင်ပြီး ကီပါရဲ့ လက်ရှိ တန်ကြေးကလည်း ပေါင် သန်း(၂၀)ဝန်းကျင်သာ ရှိနေတာတာမို့ အများကြီး အရှုံးခံ ရောင်းချသွားရနိုင်ပါတယ်။