ရီးယဲလ်မက်ဒရစ်အသင်းကတော့ အသင်းရဲ့ ဘယ်ခြမ်း ခံစစ်နေရာအတွက် world class player တစ်ဦးကို လာမယ့်နွေမှာ ခေါ်ယူဖြည့်တင်းဖို့ စီစဉ်လျက် ရှိနေပြီး ဒီကစားသမားက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကနေဒါ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ် ဖြစ်တယ်လို့ Sky သတင်းထောက် Florian Plettenberg က ဖော်ပြလာပါတယ်။

ရီးယဲလ်အသင်းက လက်ရှိ ဘယ်နောက်ခံနေရာမှာ ဖာလန်း မန်ဒီ နဲ့ ဖာရန် ဂါဆီယာတို့ကို ပိုင်ဆိုင်ထားပေမယ့် ကစားသမား (၂)ဦးလုံးက ကမ္ဘာ့အဆင့် players တွေ ဖြစ်မနေတဲ့အပြင် မန်ဒီဆိုရင်လည်း မကြာခဏ ဒဏ်ရာတွေ ရနေတက်ပြီး အနားယူနေရတက်ပါတယ်။

Photo Credit : FC Barcelona Noticias

ဒါကြောင့် ရီးယဲလ်က ခံစစ် ဘယ်ခြမ်းအတွက် ထိပ်တန်း ကစားသမားတစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့ပြီး Florian Plettenberg ရဲ့ဖော်ပြချက်အရတော့ ရီးယဲလ်ဟာ ဒေးဗီးစ်ကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ကနေဒါ လက်ရွေးစင် ဘယ်နောက်ခံကစားသမား ဒေးဗီးစ်ကို ရီးယဲလ် နည်းပြကြီး ကားလို့ အန်ဆယ်လော့တီကိုယ်တိုင် သဘောကျ နှစ်သက်နေတာဖြစ်ပြီး ဒေးဗီးစ်ရဲ့ အေးဂျင့် ဖြစ်သူနဲ့လည်း မကြာခဏ ဆိုသလို ဆက်သွယ်မှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။

Photo Credit : Sporting News

ဒါ့အပြင် ရီးယဲလ် တာဝန်ရှိသူတွေက ဒေးဗီးစ်အနေနဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်မှုတွေ မလုပ်ဆောင်ဖို့ပါ တောင်းဆိုထားခဲ့ပါသေးတယ်။ ဘိုင်ယန်ကလည်း သူတို့အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဒေးဗီးစ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားချင်နေပြီး စာချုပ်သက်တမ်းပါ တိုးမြှင့်သွားချင်နေပါတယ်။

ဒေးဗီးစ်ကိုယ်တိုင်ကလည်း ဘိုင်ယန်မှာ အဆင်ပြေပြေ ရှိနေပေမယ့် ရီးယဲလ်ဘက်က သူ့ကို အသေအချာ ကြိုးပမ်းလာမယ်ဆိုရင်တော့ ဒေးဗီးစ်အနေနဲ့ လာမယ့်နွေမှာပဲ ဘိုင်ယန်ကနေ ထွက်ခွာပြီး ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖွယ် ရှိနိုင်ပါတယ်။