ရီးယဲလ်မက်ဒရစ်အသင်းဟာ ဒီဈေးကွက်အတွင်းမှာ ခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူဖြည့်တင်းသွားဖို့ ရှိနေပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ရီးယဲလ်ဟာ အယ်လ်နာဆာအသင်းရဲ့ စပိန် ခံစစ်မှူး လာပေါ့တ်ကို ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရီးယဲလ်က ဒီနွေမှာ တိုက်စစ်ပိုင်းအတွက် ကီလီယန် အမ်ဘာပေလို အနာဂတ် ဘာလွန်းဒေါဆုရှင် စူပါစတား ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့သလို အသက် ငယ်ငယ်လေးနဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရတဲ့ ကြယ်ပွင့်လေး အန်းဒရစ်ကိုလည်း ခေါ်ယူထားနိုင်ခဲ့ပါတယ်။

Photo Credit : Transfermarket

နာချို ဖာနန်ဒက်ဇ်လို အသင်းခေါင်းဆောင် ဝါရင့် နောက်ခံကစားသမားကြီးကို အသင်းကနေ ထွက်ခွာခွင့်ပြုထားရတဲ့ ရီးယဲလ်ဟာ လိုင်လီရဲ့ ဆယ်ကျော်သက် ပြင်သစ် နောက်ခံကစားသမားလေး လန်နီ ယိုရိုကို ခေါ်ယူခဲ့ချင်ပေမယ့်လည်း မန်ယူနိုက်တက်နဲ့ ပြောင်းရွှေ့ကြေး အပြိုင်မပေးလိုတာကြောင့် လက်လွတ်ခဲ့ရပါတယ်။

လက်ရှိ ရီးယဲလ်အသင်းရဲ့ ဗဟိုခံစစ်မှာ ရူဒီဂါ မီလီတာအို အလာဘာတို့ ရှိနေပေမယ့် အလာဘာက ACL ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရဦးမှာဖြစ်လို့ ရီးယဲလ်က ဗဟိုခံစစ်မှူးတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားရဖို့ ရှိနေပြီး လက်ရှိမှာတော့ မန်စီးတီး ကစားသမားဟောင်း လာပေါ့တ်ကို မျက်စိကျလို့နေပါတယ်။

Photo Credit : Transfermarket

လာပေါ့တ်ဟာ ဆော်ဒီမြေကို ရောက်နေတဲ့ ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲကြီးမှာတော့ စပိန်အသင်းရဲ့ ခံစစ်မှာ ပွဲထွက်ကစားသမားအဖြစ် ဆက်တိုက် ပါဝင်ခဲ့ရသူဖြစ်ပြီး အသင်းအတွက်ကိုလည်း အကောင်းဆုံး ကစားပြနိုင်ခဲ့သလို ယူရိုချန်ပီယံဖလားကြီးကို ရယူနိုင်ခဲ့ပါတယ်။

အသက် (၃၀)အရွယ် ရှိနေပြီဖြစ်တဲ့ လာပေါ့တ်ဟာ အယ်လ်နာဆာနဲ့ (၂)နှစ်စာချုပ် ကျန်ရှိနေသေးပေမယ့် ဥရောပ ဘောလုံးရပ်ဝန်းဆီ ပြန်သွားချင်နေပြီး ရီးယဲလ်နဲ့လည်း အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးလျက် ရှိနေပါတယ်။ ဒါပေမယ့် အယ်လ်နာဆာမှာ တစ်နှစ်ကို ယူရို သန်း(၂၀)လောက် ရရှိနေတဲ့ လာပေါ့တ်ကို ခေါ်ယူဖို့က ပြောင်းရွှေ့ကြေးမှာ အခက်အခဲ မရှိနိုင်သည့်တိုင် လုပ်ခလစာပိုင်းမှာတော့ ပြသာနာတွေ ရှိလာနိုင်ပါတယ်။