စပိန်လာလီဂါ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်က ယမန်နေ့ညမှာ လာလီဂါ ပွဲစဉ်(၁၂) အဖြစ် ဂျီရိုနာကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ တဖက် တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပြီးနောက် ကွင်းလယ်ဒိုင်ရဲ့ အမှားတွေကြောင့် သူတို့အသင်းဟာ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရတာပါလို့ အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာ တင်သွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က ဂျီရိုနာကို အိမ်ကွင်း ဘာနေဗျူးမှာ ဧည့်ခံ ကစားခဲ့ရာ တပွဲလုံးနီးပါး ခြေစွမ်းအသာနဲ့ ဖိကစားနိုင်ခဲ့ပေမယ့် ဂျီရိုနာ ဂိုးသမား ဂတ်ဇာနီဂါရဲ့ လက်စွမ်းကောင်းတွေကြောင့် ဂိုးရဖို့ ခက်ခဲခဲ့သလို ဒုတိယပိုင်းမှာ အဓိက တိုက်စစ် ကစားသမား ဗင်နီးစီးယပ်စ်က ဦးဆောင်ဂိုး သွင်းပေးခဲ့ပေမယ့် ဦးဆောင်ဂိုး ရရှိပြီး မကြာခင်မှာပဲ ပင်နယ်တီ ပြန်ပေးခဲ့ရပါတယ်။

Photo Credit: Managing Madrid

အဆိုပါ ပင်နယ်တီကို ဂျီရိုနာရဲ့ အဓိက ကွင်းလယ်လူ စတူအာနီက အမှားအယွင်း မရှိ ကန်သွင်းနိုင်ခဲ့တာကြောင့် ဂျီရိုနာဟာ သူတို့အသင်း အတွက် အဖိုးတန် ချေပဂိုး တဂိုး ပြန်လည် ရရှိခဲ့ပါတယ်။ ချေပဂိုး ပြန်လည် ခွင့်ပြုပေးခဲ့ရပြီးနောက် ရီးရဲလ်မက်ဒရစ်က နိုင်ပွဲ ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် မိနစ် ၉၀မှာ တိုက်စစ် ကစားသမား ရိုဒရီဂိုက ရီးရဲလ်မက်ဒရစ် အတွက် သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ရိုဒရီဂိုရဲ့ သွင်းဂိုးကို မသွင်းခင်မှာ ရီးရဲလ်မက်ဒရစ်က တဖက်အသင်း အပေါ် ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ယူဆတာကြောင့် ရိုဒရီဂိုရဲ့ ဂိုးကို ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ အန်ဆလော့တီနဲ့ အသင်းရဲ့ တာဝန်ရှိသူတွေက ကွင်းလယ်ဒိုင် မီလာရိုရဲ့ ဂျီရိုနာကို ပင်နယ်တီ ပေးဖို့ ဆုံးဖြတ်ခဲ့မှုနဲ့ ရိုဒရီဂိုရဲ့ သွင်းဂိုးအား ပယ်ဖျက်ခဲ့မှုတို့ အတွက် အတော်လေး ဒေါသထွက်နေကြပြီး မီလာရိုရဲ့ ဆုံးဖြတ်ချက် နှစ်ခုစလုံးဟာ မှားယွင်းနေတယ်လို့ ယူဆထားကြသလို ရီးရဲလ်မက်ဒရစ်ရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်မှာလည်း “ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားစရာ ဆုံးဖြတ်ချက်တွေက ရီးရဲလ်ရဲ့ နိုင်ပွဲကို ခိုးယူသွားတယ်” လို့ တင်ကာ မီလာရိုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

Photo Credit: Managing Madrid

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီကလည်း သူဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သတ်ပြီး ဘယ်လိုမှ နားမလည်နိုင်သလို ဆုံးဖြတ်ချက်တွေဟာ မှားယွင်းခဲ့တယ်လို့လည်း ဝေဖန်သွားခဲ့ပါတယ်။ အန်ဆလော့တီက – “ကျွန်တော်က ကွင်းလယ်ဒိုင်တွေကို မဝေဖန်ချင်ပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ကျွန်တော်က ကွင်းလယ်ဒိုင်နဲ့ ပတ်သတ်ပြီး ပြောမှ ဖြစ်ပါတော့မယ်။ ကျွန်တော်က အဆန်စီယိုနဲ့ စကားပြောပြီးပါပြီ။ ဘောလုံးက သူ့ရဲ့ လက်နဲ့ မထိပဲ သူ့ရဲ့ ရင်ဘတ်ကိုသာ ထိခဲ့တာ သေချာပါတယ်။ သူ့ရဲ့ ဘယ်လက်ဟာ ပုံမှန် အနေအထားမျိုးမှာ မရှိခဲ့တာ မှန်ပေမယ့် သူ့ရဲ့ ခန္ဓာကိုယ်က ဘယ်လက်ကို ကွယ်ထားခဲ့တာပါ။ ဒါကြောင့် ပင်နယ်တီ ပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ အတော်လေးကို မှားယွင်းတယ်လို့ပဲ ပြောချင်ပါတယ်” ဆိုပြီး ဝေဖန်သွားခဲ့တာပါ။