တနင်္ဂနွေနေ့ ဒီနေ့ညနေပိုင်းက ကစားသွားတဲ့ စပိန်အမျိုးသမီး အယ်လ်ကလက်စီကိုပွဲစဉ်မှာ အံ့အားသင့်စရာ ရလဒ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ် အမျိုးသမီးအသင်းက ဘာစီလိုနာကို အနိုင်ယူပြီး သမိုင်းဝင် အောင်ပွဲတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
အက်စတာဒီ အိုလံပစ် လူးဝစ်ကွန်ပန်နီစ်ကွင်းမှာ ကျင်းပတဲ့ ဒီပွဲစဉ်ဟာ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ပထမပိုင်းမှာ ရီးယဲလ် မက်ဒရစ်က အယ်လ်ဘာ ရီဒွန်ဒိုရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကာရိုလင်း ဂရေဟမ် ဟန်ဆန်က ချေပဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ ပွဲချိန်အတော်ကြာတဲ့အထိ တစ်ဂိုးစီ သရေကျနေခဲ့ပေမယ့် ဂျာနာ ဖာနန်ဒက်ဇ်ရဲ့ ဂိုးကို အငြင်းပွားဖွယ် ပယ်ချခံရပြီးနောက် ကာရိုလင်း ဝီယာက နောက်ထပ် နှစ်ဂိုးကို ဆက်တိုက်သွင်းယူပြီး ရီးယဲလ် မက်ဒရစ်ကို အနိုင်ရရှိစေခဲ့ပါတယ်။
Photo Credit : Goal
ဒီနိုင်ပွဲဟာ ရီးယဲလ် မက်ဒရစ် အမျိုးသမီးအသင်းအတွက် ပထမဆုံး အယ်လ်ကလက်စီကိုနိုင်ပွဲ ဖြစ်ပါတယ်။ ယခင် ကစားခဲ့တဲ့ (၁၈)ပွဲမှာ ရီးယဲလ် မက်ဒရစ်ဟာ ဘာစီလိုနာကို တစ်ကြိမ်မှ အနိုင်မရခဲ့ပါဘူး။ ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်လလောက်က စူပါကိုပါ ဒီအက်စပန်နာဖလားမှာ ဘာစီလိုနာကို (၅)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ ရီးယဲလ် မက်ဒရစ်အတွက် ဒီနိုင်ပွဲဟာ တော်တော်လေးကို ထူးခြားတဲ့ အောင်ပွဲတစ်ခု ဖြစ်စေခဲ့ပါတယ်။
ယခင် ကစားခဲ့တဲ့ (၁၈)ပွဲမှာ ဘာစီလိုနာအသင်းက ဂိုးပေါင်း(၆၆)ဂိုးအထိ သွင်းယူခဲ့ပြီး (၇)ဂိုးသာ ခွင့်ပြုထားရသလို ဒီပွဲကို အနိုင်ရမယ်ဆိုရင်လည်း အမှတ်ပေးဇယားထိပ်ကနေ (၁၀)မှတ် ဖြတ်တောက်နိုင်လိုက်မယ်မှာ ဖြစ်ပေမယ့် ရှုံးပွဲသာ ကြုံလိုက်ရတာကြောင့် အသင်းနှစ်သင်းကြား အမှတ်ကွာဟချက်က (၄)မှတ်သာ ရှိသွားခဲ့လို့ ဘာစီလိုနာအတွက်တော့ နစ်နာခဲ့ရပါတယ်။
Photo Credit : Marca
ရီးယဲလ် မက်ဒရစ် အမျိုးသမီးအသင်းအတွက် ဒီအနိုင်ပွဲဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ အာဆင်နယ်နဲ့ ကစားရမယ့်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်မှု တစ်ခုလည်း ဖြစ်သွားခဲ့ပါတယ်။ ပထမအကျော့မှာတုန်းက အာဆင်နယ်ကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိထားတဲ့ ရီးယဲလ်ဟာ အာဆင်နယ်ကို ကျော်ဖြတ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ဖို့က အခြေအနေ ကောင်းလို့နေပါတယ်။
ဘာစီလိုနာ အမျိုးသမီးအသင်းကလည်း ချန်ပီယံလိဂ်မှာ ဝုဖ်ဘတ်အသင်းကို ပထမအကျော့ ပွဲစဉ်အတွင်း (၁)ဂိုး (၄)ဂိုးနဲ့တောင် အနိုင်ရထားတာဖြစ်လို့ ဆီမီးဖိုင်နယ်အဆင့်ဆီ သေချာပေါက် တက်လှမ်းထားနိုင်ပြီလို့တောင် ပြောနိုင်ပါတယ်။