စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ဖြစ်တဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ယခု နွေဈေးကွက် အတွင်းမှာပဲ ခေါ်ယူဖို့ အစီအစဉ် ဆွဲနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်နဲ့ ပီအက်စ်ဂျီတို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားထဲမှာ အခုချိန် အထိ စာချုပ်သစ် အတွက် သဘောတူညီမှု မရရှိသေးပါဘူး။

Photo Credit: Goal

အကယ်၍ အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သစ် မချုပ်ခဲ့ရင် ယခုနှစ် ဘောလုံးရာသီ အကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းနိုင်မှာ ဖြစ်ပေမယ့် ပီအက်စ်ဂျီဘက်က စာချုပ်သစ်သာ မချုပ်ရင် အမ်ဘာပေကို တရာသီလုံး အရန်ခုံ ထိုင်ခိုင်းထားမယ်လို့ ပြောထားတာကြောင့် အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ စာချုပ် ၁နှစ် ထပ်မံ ချုပ်ဆိုရဖို့ ရာခိုင်နှုန်း များနေပါတယ်။

ကနဦးမှာ အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သစ် မချုပ်ပဲ ၂၀၂၄ခုနှစ်မှာ သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ စီစဉ်ထားပေမယ့် ပီအက်စ်ဂျီရဲ့ ဖိအားပေး တောင်းဆိုမှုတွေကြောင့် စာချုပ်သစ် ချုပ်ဆိုကာ ၂၀၂၄ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ဆီ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ရဖို့ ရှိနေပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ် ပေးချေကာ ခေါ်ယူရမယ့် အတူတူ ၂၀၂၄ခုနှစ် အထိ မစောင့်တော့ပဲ ယခု နွေဈေးကွက် အတွင်းမှာပဲ အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားရန် စီစဉ်နေပြီး ရီးရဲလ်မက်ဒရစ်က နွေဈေးကွက်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ အမ်ဘာပေ အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်နိုင်ကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ပြောင်းရွှေ့ကြေး ယူရို ၁၂၀သန်း ဝန်းကျင်နဲ့ စတင် ကမ်းလှမ်းမှာ ဖြစ်ပြီး ပီအက်စ်ဂျီကတော့ အမ်ဘာပေကို ခေါ်ယူခဲ့စဉ်က ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၈၀သန်း ရရှိမှသာ အမ်ဘာပေကို ရောင်းထုတ်ဖွယ် ရှိပါတယ်။