ရီးယဲလ် မက်ဒရစ်အသင်းက သူတို့ အလိုရှိနေတဲ့ လီဗာပူးလ် ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးကို ဇန်နဝါရီ ဆောင်းဈေးကွက်မှာ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူမှာ မဟုတ်ဘဲ လာမယ့်နွေမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားမယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။
ရီးယဲလ်အသင်းက အသင်းရဲ့ အသင်းခေါင်းဆောင် ညာနောက်ခံလူ ဒါနီ ကာဗာဟယ်လ်နေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် အင်္ဂလန် လက်ရွေးစင် အာနိုးကိုု အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသလို အာနိုးကလည်း ဒီရာသီအကုန်မှာပဲ သူရဲ့လက်ရှိကလပ် လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။
Photo Credit : Caught Offside
လီဗာပူးလ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ အာနိုးဟာ လက်ရှိ လီဗာပူးလ်ရဲ့ ဒုတိယမြောက် အသင်းခေါင်းဆောင် ဖြစ်နေသလို အသင်းမှာလည်း ဆက်ကစားသွားဖို့ ဆန္ဒရှိနေပေမယ့် အသင်းဘက်က စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှု မရှိသေးသလို အာနိုးကိုယ်တိုင်ကလည်း သူရဲ့ လုပ်ခလစာကို ပိုမို တိုးမြှင့်ပြီး အလိုရှိနေပါတယ်။
ဒီလို စာချုပ်ကိစ္စ အဆင်မပြေ ဖြစ်နေရတဲ့ အာနိုးကို ရီးယဲလ်အသင်းဘက်က တောက်လျှောက် ပစ်မှတ်ထားလျက် ရှိနေပြီး အရ ခေါ်ယူသွားဖို့ ရှိနေပေမယ့်လည်း ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာ အာနိုးအတွက် ပြောင်းရွှေ့ကြေး တစ်ခုခုနဲ့ ကမ်းလှမ်းသွားမှာ မဟုတ်ဘဲ နွေမှသာ အလွတ်နဲ့ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။
Photo Credit : Football365
ကာဗာဟယ်လ်ဟာ လက်ရှိမှာ ACL ဒဏ်ရာဆိုးကြီးကြောင့် ကာလအတန်ကြာ အနားယူနေရသလို ဒီကစားသမားရဲ့ အသက်အရွယ်ကလည်း (၃၂)နှစ်အရွယ် ရောက်နေပြီဖြစ်လို့ သူ့နေရာမှာ ရေရှည် အစားထိုးနိုင်ဖို့အတွက် အရည်အသွေးမြင့် ညာနောက်ခံကစားသမားတစ်ဦး လိုအပ်လာပါတယ်။
ဒါကြောင့် ကာဗာဟယ်လ်နေရာအတွက် အာနိုးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားနေသလို တကယ်လို့ အာနိုးကိုသာ မခေါ်ယူနိုင်ခဲ့ရင်တော့ တော့တင်ဟမ် ဟော့စပါးရဲ့ ညာနောက်ခံလူ ပတ်ဒရို ပေါ်ရိုနဲ့ မန်ချက်စတာ ယူနိုက်တက် ညာနောက်ခံကစားသမား ဒီယိုဂို ဒါလော့တို့ကိုပါ ချိန်ရွယ်လို့ထားပြီး လတ်တလောမှာလည်း ဒါလော့နဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။