ရီးယဲလ် မက်ဒရစ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကီလီယန် အမ်ဘာပေ နဲ့ အာလင်း ဟာလန်းတို့ကို အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထားသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်စမတ် ဟွိုင်လမ်းကိုလည်း ဆက်လက် စောင့်ကြည့်လျက် ရှိနေတယ်လို့ သိရပါတယ်။

ရီးယဲလ်က လာမယ့်နွေမှာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား အမ်ဘာပေကို ပြင်ဆင်ထားလျက် ရှိနေပြီး သဘောတူညီမှုလည်း ရရှိထားပြီလို့ သတင်းထွက်ထားပေမယ့် တကယ်လို့ ဒီအပြောင်းအရွှေ့သာ မဖြစ်လာခဲ့ရင် မန်စီးတီး တိုက်စစ်မှူး ဟာလန်းကို ပြောင်းလဲ ချိန်ရွယ်ဖို့ ရှိနေပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဟာလန်းကလည်း ဘာပေကို ခေါ်ယူတာထက်တောင် ပိုခက်ခဲရနိုင်ဖွယ် ရှိနေတာကြောင့် ရီးယဲလ်အနေနဲ့ မန်ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမားလေး ဟွိုင်လန်းကိုသာ အာရုံစိုက်လာနိုင်တယ်လို့ စပိန်အခြေစိုက် သတင်းမီဒီယာ Defensa Central ကနေ ဖော်ပြလာခဲ့ပါတယ်။

Defensa Central သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ရီးယဲလ်အသင်းဟာ ဟွိုင်လန်းကို အတ္တလန်တာ ကစားသမား ဖြစ်နေစဉ်ကတည်းက ကင်းထောက်တွေ စေလွှတ်ပြီး ခြေစွမ်းပိုင်းတွေ လေ့လာခိုင်းထားသလို အခုထိလည်း စိတ်ဝင်စားလျက် ရှိနေတယ်လို့ပါ သိရပါတယ်။

Photo Credit : beIN SPORTS

ဒီနွေမှ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဟွိုင်လန်းက ရာသီအစပိုင်းမှာ သူရဲ့ဂိုးသွင်းစွမ်းရည်နဲ့ ပတ်သက်ပြီး ဝေဖန်ခံခဲ့ရပေမယ့် အခုဆိုရင် (၅)ပွဲဆက်တိုက်အထိ ဂိုးတွေ အဆက်မပြတ် သွင်းယူလာခဲ့သလို ပြိုင်ပွဲစုံမှာ (၁၁)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဒီ (၂၁)နှစ်သားရဲ့ စွမ်းဆောင်ရည် တိုးတက်မှုတွေကို ရီးယဲလ်အသင်းဘက်က စောင့်ကြည့်လျက် ရှိနေပြီး ဘက်ခမ်း ရော်နယ်လ်ဒို နစ္စတယ်ရွိုင်းတို့လိုမျိုး ယူနိုက်တက်ကနေ သူတို့အသင်းဆီ ခေါ်ဆောင်ဖို့ ပြင်ဆင်ထားပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ယူနိုက်တက်နဲ့သာ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖွယ် ရှိနေပါတယ်။