ရီးယဲလ် မက်ဒရစ်အသင်းကတော့ လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးကို လာမယ့် နွေမှသာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားချင်နေပြီး တကယ်လို့ ဆောင်းဈေးကွက်မှာပဲ ကမ်းလှမ်းရမယ်ဆိုရင်လည်း ပေါင်သန်း(၂၀)နဲ့သာ ကမ်းလှမ်းသွားနိုင်တယ်လို့ သိရပါတယ်။

ရီးယဲလ်က အသင်းရဲ့ ညာခြမ်းခံစစ်ပိုင်းအတွက် ဝါရင့် နောက်ခံလူကြီး ကာဗာဟယ်လ် ဒဏ်ရာရရှိနေတာကြောင့် ကာဗာဟယ်လ်နေရာမှာ ရေရှည် အစားထိုးသွားနိုင်ဖို့ အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ လီဗာပူးလ် အကယ်ဒမီထွက် အာနိုးကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Photo Credit : Goal

အာနိုးကလည်း လီဗာပူးလ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦး လက်ထောက် အသင်းခေါင်းဆောင်တစ်ဦး ဖြစ်နေပေမယ့် ဒီရာသီအကုန်မှာပဲ အသင်းနဲ့က စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်သလို ရီးယဲလ်အသင်းရဲ့ ဦးစားပေး ပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်ခံထားရသူလည်းဖြစ်ပြီး ကောလဟာလ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရီးယဲလ်ကလည်း လီဗာပူးလ်နဲ့ အာနိုးတို့ရဲ့ အခြေအနေကို တောက်လျှောက် စောင့်ကြည့်နေရင်း တကယ်လို့ အာနိုးသာ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း မတိုးမြျင့်ဘူးဆိုရင် အာနိုးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပြီး လက်မှတ်ထိုးကြေး အပါအဝင် အပိုဆုကြေးတွေနဲ့အတူ မက်မောလောက်စရာ လုပ်ခလစာမျိုးနဲ့ပါ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

Photo Credit : Telegrafi

တကယ်လို့ အာနိုးကို အခု ဆောင်းဈေးကွက်မှပဲ ကမ်းလှမ်းရမယ်ဆိုရင်တော့ ရီးယဲလ်က အာနိုးအတွက် ပြောင်းရွှေ့ကြေး ယူရို (၂၅)သန်း စတာလင်ပေါင်အားဖြင့် ပေါင်သန်း(၂၀)နဲ့သာ ကမ်းလှမ်းလာနိုင်တယ်လို့ စပိန် နာမည်ကျော် သတင်းမီဒီယာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

သေချာတာကတော့ လီဗာပူးလ်အနေနဲ့ အခု ဇန်နဝါရီလထဲမှာပဲ အာနိုးကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိသလို စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက်သာ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။ ဒါကြောင့် ရီးယဲလ်ကလည်း အာနိုးကို သူရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့်အချိန်ထိသာ စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းသွားဖို့ ရှိနိုင်ပါတယ်။