စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ် ကစားသမား ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကို အမိအရ ခေါ်ယူနိုင်ခဲ့ပြီးနောက် နောက်ထပ် ပစ်မှတ်ကစားသမား တဦး ဖြစ်သူ အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ အရှိန်အဟုန်မြှင့် ဆက်လက် ကြိုးပမ်းနေကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ရီးရဲလ်မက်ဒရစ်က အပြောင်းအရွှေ့ရာသီတွေမှာ တက်တက်ကြွကြွ လှုပ်ရှားလေ့ မရှိပေမယ့် သူတို့လိုချင်တဲ့ ကစားသမား ဆိုရင် မရရအောင် ခေါ်ယူတတ်တဲ့ အကျင့် ရှိပြီး ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အမ်ဘာပေကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Sky Sports

ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ၊ လာလီဂါနဲ့ စပိန်စူပါဖလား စတဲ့ ဆုဖလား ၃လုံးကို တပြိုင်နက်ထဲ ရယူနိုင်ခဲ့ပေမယ့် သူတို့ရဲ့ ကစားသမား အင်အားကို ဆက်လက် ဖြည့်တင်းဖို့ ဆုံးဖြတ်ထားပြီး ရီးရဲလ်မက်ဒရစ်ဟာ သူတို့ရဲ့ ဘယ်နောက်ခံနေရာကို အဓိက အားဖြည့်ချင်နေပါတယ်။

တဖက်မှာတော့ အသက် ၂၃နှစ် အရွယ် ဩစတီးယား လက်ရွေးစင် ဘယ်နောက်ခံလူ အယ်ဖွန်ဆို ဒေးဗီးစ်က ဘိုင်ယန်မြူးနစ်ရဲ့ အဓိက ဘယ်နောက်ခံလူ ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ ဘိုင်ယန်မြူးနစ် အတွက် ၅နှစ်ကြာ ကစားပေးခဲ့ရာ ပြိုင်ပွဲစုံမှာ ၁၉၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃၁ကြိမ် ရရှိထားပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေနဲ့ အယ်ဖွန်ဆို ဒေးဗီးစ်ရဲ့ အေးဂျင့်တို့က ယခုတပတ် အတွင်းမှာပဲ ချိတ်ဆက်မှုတွေ လုပ်ကာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးခဲ့ကြပြီး ရီးရဲလ်မက်ဒရစ်ဟာ အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားနေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က အယ်ဖွန်ဆို ဒေးဗီးစ်ကို ခေါ်ယူဖို့ အစွမ်းကုန် ကြိုးစားနေပေမယ့် ဒေးဗီးစ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တာကြောင့် ဘိုင်ယန်မြူးနစ်က ဒေးဗီးစ်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကို ပေးချေဖို့ ဆန္ဒမရှိပဲ သင့်တင့်တဲ့ ပြောင်းရွှေ့ကြေး တရပ်သာ ပေးချေချင်နေပါတယ်။