ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ နည်းပြကြီး ကားလို့အန်ဆလော့တီနေရာမှာ အသင်းရဲ့ ကစားသမားဟောင်းတွေဖြစ်တဲ့ ဇာဗီအလွန်ဆို ဒါမှမဟုတ် အဲလ်ဗာရိုအာဘီလိုအာ နဲ့ အစားထိုးသွားဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။
Photo Credit : Evening Standard
ဝါရင့် အီတလီလူမျိုး နာမည်ကျော် နည်းပြကြီး အန်ဆလော့တီဟာ ဒီရာသီမှာ ရီးယဲလ်အသင်းကို ကိုပါဒယ်ရေးပြိုင်ပွဲမှာသာ ဗိုလ်စွဲအောင် လုပ်ဆောင်ပေးထားခဲ့ပြီး မနှစ်က ရယူခဲ့သော လာလီဂါဖလား နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ထပ်မံ ရယူပေးနိုင်ခြင်း မရှိခဲ့သလို လာလီဂါဘက်မှာဆိုရင်လည်း ဘာစီလိုနာကို အမှတ် အပြတ်အသတ်နဲ့ ဖလား လွှဲပြောင်းပေးခဲ့ရကာ ချန်ပီယံလိဂ်မှာလည်း မန်စီးတီးကို နှစ်ကျော့ပေါင်းရလဒ် အပြတ်အသတ်နဲ့ ရှုံးနိမ့်ရင်း ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပါတယ်။
Photo Credit : Marca
ဒီလို အခြေအနေမှာ ရီးယဲလ်ဘက်က အန်ဆလော့တီနဲ့ လာမယ့် ရာသီကို ဖြတ်သန်းသွားဖို့ စဉ်းစားလာခဲ့ပြီး တကယ်လို့ အန်ဆလော့တီနဲ့သာ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင် သူ့နေရာမှာ အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ် လက်ရှိ လေဗာကူဆင်ရဲ့ နည်းပြလည်း ဖြစ်နေသူ အလွန်ဆို နဲ့ ရီးယဲလ် လူငယ်အသင်းကို ကိုင်တွယ်နေတွှဲ့ ကစားသမားဟောင်း အာဘီလိုအာတို့ထဲက တစ်ဦးဦးနဲ့ အစားထိုးဖွယ် ရှိနေပါတယ်။ ယခင်ကတော့ ရီးယဲလ်ဟာ တူဟယ်လ် ပိုချက်တီနို နာဂယ်စမန်းနဲ့ နည်းပြဟောင်း ဇီဒန်းတို့ကို ချိန်ရွယ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ကစားသမားဟောင်းတွေကိုသာ ပစ်မှတ်ထားလာခဲ့ပါတယ်။
Photo Credit : Marca
လက်ရှိမှာတော့ ရီးယဲလ်အသင်းဟာ အလွန်ဆိုကို နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထားနေပေမယ့် အလွန်ဆိုက လေဗာကူဆင်အသင်းနဲ့ ဆက်လက် လက်တွဲသွားဦးမလားဆိုတာ မသေချာသေးတာကြောင့် သူတို့ရဲ့ ယူ-၁၉ နည်းပြ အာဘီလိုအာနဲ့ ရီးယဲလ် အရန်အသင်း နည်းပြ ရာအူးလ်တို့က အသင်းနည်းပြသစ် ဖြစ်လာနိုင်ဖို့ ပိုမို ရေပန်းစားနေပါတယ်။ အန်ဆလော့တီကလည်း ရီးယဲလ်မှာ သူ့စာချုပ်သက်တမ်း ကျန်ရှိချိန်ထိ ဆက်လက် လုပ်ကိုင်သွားချင်ပေမယ့် တကယ်လို့ ရီးယဲလ်နဲ့သာ လမ်းခွဲရမယ်ဆိုရင် ဘရာဇီးလ်အသင်းနဲ့ လက်တွဲနိုင်မှာမို့ မကြာခင်မှာပဲ ရီးယဲလ်အသင်းရဲ့ နည်းပြအပြောင်းအလဲ ဖြစ်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။