ရီးယဲလ် မက်ဒရစ်အသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ချူအာမန်နီကို လာမယ့် ဈေးကွက်တွေအတွင်းမှာ ရောင်းချသွားဖို့ စီစဉ်လျက် ရှိနေပြီး ကွင်းလယ်ပိုင်း ပြန်လည် အားဖြည့်ဖို့အတွက်ကိုလည်း မန်ချက်စတာ စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီကိုပါ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဒီနွေမှာပဲ ဘောလုံးသမားဘဝကနေ အနားယူသွားတဲ့ အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ တိုနီ ကရူးစ်ကို လက်လွတ်ထားခဲ့ရပြီးနောက် အသင်း ကွင်းလယ်ပိုင်းဟာလည်း လိုအပ်ချက်တွေ ရှိနေခဲ့ရသလို လက်ရှိ ကွင်းလယ်ကစားသမားတွေထဲက ပြင်သစ် ကွင်းလယ်လူ ချူအာမန်နီနဲ့ ခြေစွမ်းပိုင်းတွေကို သဘောမကျတော့တာကြောင့် ရောင်းချသွားဖို့ပါ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : DanDiario

တကယ်လို့ ရီးယဲလ်က လာမယ့်နွေမှာ ချူအာမန်နီကို ရောင်းချဖြစ်မယ်ဆိုရင် နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ လူကာ မိုဒရစ်ပါ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ ကွင်းလယ်ပိုင်းအတွက် မဖြစ်မနေ ကစားသမား ဖြည့်တင်းမှုတွေ ပြုလုပ်သွားဖို့ လိုအပ်လာပါတော့မယ်။

ဒါကြောင့် ရီးယဲလ်က ၂၀၂၄ ဘာလွန်းဒေါဆုရှင် စပိန် ကွင်းလယ်ကစားသမား ရိုဒရီကို ခေါ်ယူသွားဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ရီးယဲလ်အသင်း အလိုရှိနေတဲ့ ကွင်းလယ်ကစားသမားတွေ အများအပြား ရှိနေပေမယ့်လည်း ဒီထဲကမှ ရိုဒရီကို အလိုအရှိဆုံး ဖြစ်နေတယ်လို့ စပိန်မီဒီယာ Relevo ကနေ ဖော်ပြလာပါတယ်။

Photo Credit : Goal

အသက် (၂၈)နှစ်အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီဟာ မန်စီးတီးနဲ့ စပိန်အသင်းတို့ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လို့နေပြီး လက်ရှိ ကမ္ဘာ့အကောင်းဆုံး holding midfielder တွေထဲမှာပါ တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ ACL injury ဖြစ်နေလို့ ရက်ပေါင်းများစွာ အနားယူနေရပေမယ့် ရိုဒရီလို ကစားသမားမျိုးကို ဘယ်အသင်းကမဆို လိုချင်ကြမှာ သေချာပါတယ်။

ရိုဒရီကို လိုချင်နေတဲ့ အသင်းထဲမှာ ရီးယဲလ်အသင်းက ထိပ်ဆုံးကနေ ပါဝင်လို့နေပြီး ကမ်းလှမ်းမှုတွေပါ ပြုလုပ်သွားဖို့ စီစဉ်နေပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ သူတို့အသင်းအတွက် အရေးအပါဆုံး ကစားသမားဖြစ်သူ ရိုဒရီကို အသင်းကနေ ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိတဲ့အပြင် စာချုပ်သက်တမ်းသစ် ချုပ်ဆိုသွားဖို့အထိပါ ပြင်ဆင်လို့နေပါတယ်။