စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ခံစစ်ကြောင်း အတွက် အားဖြည့်မှု တရပ် အဖြစ် လာမယ့် နွေရာသီမှာ ပြင်သစ် နာမည်ကြီးကလပ် လိုင်လီရဲ့ အဓိက ဗဟိုနောက်ခံလူ ယိုရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

ရီးရဲလ်မက်ဒရစ်က တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့် သူတို့ရဲ့ ခံစစ်ကြောင်းမှာ ရူဒီဂါ ၊ မီလီတာအို ၊ နာချို ဖာနန်ဒက်ဇ် ၊ အလာဘာ စတဲ့ ဗဟိုခံစစ်မှူး ၄ဦးသာ ရှိပြီး အဆိုပါ ၄ဦးအနက် နာချိုဟာ အသက်အရွယ်ကြောင့် အကျပိုင်းကို ရောက်နေသလို အလာဘာကလည်း ဗဟိုခံစစ်မှူးစစ်စစ် မဟုတ်ပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် အန်ဆလော့တီက မီလီတာအိုနဲ့ ရူဒီဂါတို့ နှစ်ဦးထဲကိုသာ အားကိုးကာ အသုံးပြုနေရပြီး ဗဟိုခံစစ်မှူး ၂ဦးထဲကို အားပြု သုံးစွဲနေရတာကြောင့် ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေက လာမယ့် နွေဈေးကွက်မှာ ဗဟိုခံစစ်မှူးသစ် တဦး ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။

တဖက်မှာတော့ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်ဗဟိုနောက်ခံလူ ယိုရိုက လိုင်လီရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် ဗဟိုခံစစ်မှူး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ လိုင်လီအတွက် ပြိုင်ပွဲစုံမှာ ၃၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးထားပါတယ်။

Photo Credit: Marca

နာမည်ကြီး စပိန်သတင်းဌာန တခု ဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ယိုရိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို လာမယ့် နွေဈေးကွက်မှာ ယိုရိုကို ခေါ်ယူနိုင်ဖို့ အတွက် ယခုကတည်းက ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။

ယိုရိုက အသက်ငယ်သေးသလို ထိပ်တန်းခြေစွမ်းတွေကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ရီးရဲလ်မက်ဒရစ်က ယိုရိုကို ခေါ်ယူနိုင်ဖို့ အတွက် အခြား ဥရောပ ထိပ်သီးကလပ်တွေနဲ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး လိုင်လီကတော့ ယိုရိုအတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။