နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ထိပ်တန်းကစားသမားသစ်(၄)ဦး အနည်းဆုံး ခေါ်ယူဖို့ ရီးရဲလ် မက်ဒရစ်အသင်းက ပစ်မှတ်ထားပြင်ဆင်နေပြီး တကယ်လို့ သူတို့ရဲ့အစီအစဉ်တွေ အားလုံးအဆင်ပြေခဲ့မယ်ဆိုရင် နောက်ထပ် ပဉ္စမမြောက် ကစားသမားတစ်ဦးကိုပါ အသင်းအတွက် ခေါ်ယူသွားဖို့ရှိနေပါတယ်။
လက်ရှိမှာတော့ ရီးရဲလ်အသင်းဟာ ဒင်းဟွိုက်ဆန်နဲ့ ထရန့် အလက်ဇန်းဒါး အာနိုးလ်တို့ကို ခေါ်ယူထားပြီးဖြစ်ကာ အယ်ဗာရို ကာရဲရားစ်နဲ့ ဖရန်ကို မာစတန်တူနိုတို့ကလည်း မကြာခင်မှာ ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ အသင်းရဲ့ နောက်ဆုံးဖြစ်နိုင်ဖွယ်ရှိတဲ့ ခေါ်ယူမှုကတော့ ရီးရဲလ် ဆိုစီဒက်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတင် ဇူဘီမန်ဒီ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။
Photo Credit : Goal
မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းမှာ ရီးရဲလ်အသင်းဟာ ဇူဘီမန်ဒီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားမှုတွေ ပြင်းထန်နေခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ်အဖြစ် တာဝန်ယူတော့မယ့် ဇာဘီ အလွန်ဆိုရဲ့ ပထမဆုံးရာသီအတွက် ကွင်းလယ်ပိုင်းကို အကောင်းဆုံးပုံစံနဲ့ မြှင့်တင်ပေးနိုင်မယ့် ကစားသမားအဖြစ် သူတို့က ရှုမြင်ထားကြပါတယ်။ ဒါပေမယ့်လည်း ဆိုစီဒက်အသင်းရဲ့ ကစားသမားဟာ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေ ရရှိထားပြီးဖြစ်လို့ ဒီနွေရာသီမှာ အာဆင်နယ်အသင်းဆီကို ပြောင်းရွှေ့ဖို့ သေချာသလောက်ရှိနေပါတယ်။
ဒီလိုအခြေအနေမျိုး ရှိနေပေမယ့်လည်း အပြောင်းအရွှေ့ဆိုင်ရာ သဘောတူညီမှုဟာ ဇူလိုင်လမတိုင်ခင်အထိတော့ အပြီးသတ် ဖြစ်လာဖွယ်မရှိသေးပါဘူး။ ဒီလိုအချိန်ကြန့်ကြာမှုက ရီးရဲလ်အတွက် အခွင့်အရေးတစ်ခုဖြစ်လာစေပြီး သူတို့ကလည်း ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချလိုနေပါတယ်။ Diario AS သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်အသင်းဟာ ဇူဘီမန်ဒီကို ခေါ်ယူဖို့အတွက် နောက်ဆုံးတစ်ကြိမ်အဖြစ် ကြိုးပမ်းသွားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။ စပိန်လက်ရွေးစင်ကစားသမားဟာ နည်းပြအလွန်ဆိုက တစ်ဦးတည်းသော ပစ်မှတ်ထားနေတဲ့ ကွင်းလယ်ကစားသမားဖြစ်ပြီး ဒါကြောင့်လည်း သူ့ကိုခေါ်ယူဖို့အတွက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
Photo Credit : The Sun
သတင်းဖော်ပြချက်တွေအရ ဇူဘီမန်ဒီအနေနဲ့လည်း စပိန်နိုင်ငံမှာပဲ ဆက်လက် ကစားလိုတဲ့ ဆန္ဒရှိနေတာကြောင့် ရီးရဲလ်ဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ကြားဖြတ် ဟန့်တားနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိနေပါတယ်။ ဒါပေမယ့်လည်း ကလပ်အသင်းက အသက်(၂၆)နှစ်အရွယ်ကစားသမားရဲ့ စာချုပ်ပါ ယူရိုသန်း(၆၀) တန်ကြေးရှိတဲ့ စာချုပ်ဖျက်သိမ်းကြေးကို ပေးချေဖို့အတွက်တော့ လက်ရှိအချိန်မှာ အဆင်သင့် မဖြစ်သေးပါဘူး။ ဒါကြောင့် တခြားနည်းလမ်းတစ်ခုကို ရှာဖွေသွားမှာဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ လျှော့ချထားတဲ့ ပြောင်းရွှေ့ကြေးတစ်ခုကို ပေးချေပြီး အပြန်အလှန်အနေနဲ့ သူတို့ရဲ့ ကစားသမားတစ်ဦး သို့မဟုတ် နှစ်ဦးကို အငှားချထားပေးဖို့ ဆိုစီဒက်အသင်းကို ကမ်းလှမ်းသွားဖို့ ရည်ရွယ်ထားပါတယ်။ ဒါပေမယ့် ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ဘူးဆိုရင်တော့ အာဆင်နယ်အသင်းက ယူရိုသန်း(၆၀)ကို ပေးချေဖို့ အဆင်သင့် ရှိနေပြီဖြစ်ကြောင်း အချက်ပြထားပြီးဖြစ်တဲ့အတွက် သူတို့အနေနဲ့လည်း အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးချေမလားဆိုတာကို နောက်ဆုံးအနေနဲ့ ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ဇူဘီမန်ဒီဟာ အာဆင်နယ်အသင်းမှာ ရရှိမယ့်လစာထက် လျှော့ချထားတဲ့လစာကို လက်ခံဖို့လည်း လိုအပ်မှာဖြစ်ပြီး ဒါကလည်း ရီးရဲလ်အတွက် အားနည်းချက်တစ်ခုဖြစ်လာနိုင်တယ်လို့ မှတ်ချက်ပြုထားကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ သူတို့က အကောင်းမြင်နေကြဆဲဖြစ်ပါတယ်။