ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်သူ နောက်ခံအစွန်လူ မာဆယ်လိုက (၁၈)နှစ်တာ သက်တမ်းရှိတဲ့ သူရဲ့ကစားသမားဘဝအတွင်း ရင်ဆိုင်ခဲ့ဖူးသမျှ ပြိုင်ဘက်တွေထဲမှာ လီယွန်နယ်မက်ဆီက သူ့အတွက် အခက်ခဲဆုံးသော ပြိုင်ဘက်တစ်ဦး ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : BeSoccer

ဘရာဇီးလ် ဝါရင့်ကစားသမားကြီး မာဆယ်လိုဟာ ၂၀၀၅ခုနှစ်ကနေ စတင်ပြီး ရီးယဲလ်အသင်းမှာ ပါဝင်ကစားခဲ့ပြီး အသင်းနဲ့အတူ (၁၅)နှစ်ကြာအထိ ဖြတ်သန်းခဲ့သလို ဆုဖလား အရေအတွက်ပေါင်း (၂၅)ခုအထိပါ ပိုင်ဆိုင်ခဲ့ရပါတယ်။ ဒီလို (၁၅)နှစ်ကာလအတွင်းမှာ မာဆယ်လိုက El Clasico ပွဲစဥ်တွေအတွင်း ဘာစီလိုနာအသင်းက icon player ဖြစ်တဲ့ မက်ဆီနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး ဒီလို တွေ့ဆုံတိုင်းမှာလည်း မက်ဆီက သူ့အတွက် အတော်လေးကို ခက်ခဲစေခဲ့ရတဲ့ ပြိုင်ဘက်ကောင်းတစ်ဦး ဖြစ်ခဲ့ရတယ်လို့ The Athletic သတင်းမီဒီယာနဲ့ အင်တာဗျူး အစီအစဥ်မှာ ပြောဆိုသွားခဲ့ပါတယ်။

 

Photo Credit : Ronaldo

“မက်ဆီက မယုံနိုင်စရာကောင်းလောက်တဲ့ ကစားသမားပါ။ ကျွန်တော် ရင်ဆိုင်ခဲ့ရသမျှ ကစားသမားတွေထဲမှာတော့ အခက်ခဲဆုံး ပြိုင်ဘက်ပါပဲ။ သူရဲ့အရည်အသွေးတွေကို ကျွန်တော်တို့ အားလုံး သိထားကြပြီး သူကအခု အသက်(၃၅)နှစ် ရှိတာတောင် အရင်က ပုံစံမျိုး ကစားနေနိုင်ပါသေးတယ်။ El Clasico ပွဲတွေဆိုတာ အမြဲတမ်းလိုလို ပါဝင်ကစားလို့ ဒါမှမဟုတ် စောင့်ကြည့်လို့ အရမ်းကောင်းတဲ့ ပွဲပါ။ El Clasico ရဲ့ အကောင်းဆုံးသော ခေတ်တစ်ခုမှာ ပါဝင်ခွင့်ရခဲ့လို့ အရမ်း ကံကောင်းခဲ့ပါတယ်” လို့ မာဆယ်လိုက The Athletic မှာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : BeSoccer

လက်ရှိမှာ အသက်(၃၄)အရွယ်ရှိ ဘယ်နောက်ခံကစားသမားကြီး မာဆယ်လိုဟာ ရီးယဲလ်ကနေ ထွက်ခွာခဲ့စဥ် ဂရိ ထိပ်သီးကလပ် အိုလံပီယာကော့စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပေမယ့် အဆင်မပြေမှုတွေ ရှိလာခဲ့တာကြောင့် အသင်းနဲ့ စာချုပ်ဖျက်သိမ်းကာ လက်တွဲဖြုတ်ခဲ့ပြီး သူရဲ့ပထမဆုံး ကလပ်အသင်းဖြစ်တဲ့ ဘရာဇီးလ်ကလပ် ဖလူမင်နိစ်ကို ပြန်လည် ပြောင်းရွေ့ဖြစ်ခဲ့ပါတယ်။