အဲဗာတန်အသင်းရဲ့ လူငယ် ခံစစ်ကစားသမားလေး ဂျာရတ် ဘရန့်ဝေ့တ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းကြီးတွေမှာ ပရီးမီးယားလိဂ်က မန်ချက်စတာ ယူနိုက်တက် ၊ တော့တင်ဟမ် ဟော့စပါးတို့ ပါဝင်နေတဲ့အပြင် အခု ရီးယဲလ် မက်ဒရစ်အသင်းပါ ထပ်တိုး ပါဝင်လာခဲ့ပါတယ်။

အသက် (၂၁)နှစ်အရွယ်သာ ရှိနေသေးတဲ့ အင်္ဂလန် ယူ-၂၁ ခံစစ်မှူးလေး ဘရန့်ဝေ့တ်ဟာ သူရဲ့မွေးရပ်မြေက Carlisle United F.C. အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၂၀မှာပဲ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ခွင့် ရရှိခဲ့ပါတယ်။

Photo Credit : Sky Sports

ကစားသမားဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲကြီး ဖြစ်ခဲ့ရပေမယ့်လည်း ဘရန့်ဝေ့တ်က အဲဗာတန်မှာ ပွဲကစားခွင့်တွေ ချက်ချင်း မရရှိသေးပဲ ဘလက်ဘန်း နဲ့ နယ်သာလန် ထိပ်သီးကလပ် PSV အသင်းတွေဆီမှာ အငှားကစားသမားအဖြစ် သွားရောက် ကစားခဲ့ရပါတယ်။

ဒီရာသီမှာတော့ ဘရန့်ဝေ့တ်က အဲဗာတန်အသင်းအတွက် ပွဲကစားခွင့်တွေ အတော်လေး ရရှိလာခဲ့ရသလို သူ့ကိုလည်း ကလပ်အသင်းကြီးတွေက စိတ်ဝင်စားမှုတွေပါ ပြသလာခဲ့ပါတယ်။ အခုဆိုရင်လည်း ဘရန့်ဝေ့တ်ကို ကမ္ဘာ့ထိပ်တန်း ကလပ်အသင်းကြီး ရီးယဲလ်ကပါ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Eurosport

ဘယ်ခြေအားသန်ပြီး အရပ် (၆)ပေ (၅)လက်မထိ မြင့်မားလှတဲ့ အင်္ဂလန် လူငယ် ခံစစ်ကစားသမားလေးဟာ ခံစစ်မှူးတွေမှာ ရှိသင့်ရှိထိုက်တဲ့ ခန္ဓာကိုယ် တည်ဆောက်မှုမျိုးကို ပိုင်ဆိုင်ထားပြီး အရည်အသွေးကောင်းတွေလည်း ပိုင်ဆိုင်ထားသူတစ်ဦး ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဗာတန်ဘက်ကတော့ ဒီကစားသမားလေးကို ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလကမှ (၅)နှစ် သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် တိုးမြှင့် ချုပ်ဆိုထားပြီး အသင်းမှာပဲ ထိန်းသိမ်းသွားချင်နေသလို မဖြစ်မနေ ရောင်းချရမယ်ဆိုရင်လည်း ပြောင်းရွှေ့ကြေးအဖြစ် ပေါင် သန်း(၁၀၀)လောက်အထိ တောင်းဆိုဖွယ် ရှိနေပါတယ်။