စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က စီးရီးအေ နာမည်ကြီးကလပ် နာပိုလီနဲ့ စာချုပ်ကုန်တော့မယ့် စပိန် ကွင်းလယ်ကြယ်ပွင့် ဖေဘီယန် ရုစ်ကို အလွတ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဖေဘီယန် ရုစ်က နာပိုလီရဲ့ မရှိမဖြစ် ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ နာပိုလီရဲ့ကြားမှာ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေရာ မသေချာတဲ့ အနေအထားပါ။

Photo Credit: Fot Mob

နာပိုလီကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖေဘီယန် ရုစ်ကို စာချုပ်သက်တမ်း တိုးဖို့ ကြိုးစားနေပေမယ့် ဖေဘီယန် ရုစ်က သူ့ရဲ့ ကစားသမား ဘဝ အတွက် နာပိုလီထက် ပိုကောင်းတဲ့ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ချင်နေတာကြောင့် နာပိုလီနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ထက် လာမယ့်ရာသီ အကုန်မှာ ထိပ်သီးအသင်း တသင်းဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ ပိုမို စိတ်ဝင်စားနေကြောင်း ဖေဘီယန် ရုစ်နဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တဦး ဖြစ်သူ ဖေဘီယန် ရုစ်ကို လာမယ့် ဘောလုံးရာသီ အကုန်မှာ အလွတ်နဲ့ ခေါ်ယူဖို့ မျက်စိကျနေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီကလည်း သူ့ရဲ့ တပည့်ဟောင်းနဲ့ ပြန်လည် လက်တွဲဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Fot Mob

နာပိုလီဘက်က သူတို့ရဲ့ အဓိက ကွင်းလယ်လူကို အလွတ်နဲ့ လက်မလွှတ်ချင်တာကြောင့် ဩဂုတ်လ အတွင်းမှာပဲ ဖေဘီယန် ရုစ်နဲ့ စာချုပ်သစ်ကိစ္စ ထပ်မံ ဆွေးနွေးဖို့ ရှိနေပြီး အကယ်၍ ဖေဘီယန် ရုစ်ကသာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်မယ် ဆိုရင် ယခု နွေဈေးကွက် အတွင်းမှာပဲ ဖေဘီယန် ရုစ်ကို ရောင်းချနိုင်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။