စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ဝါရင့် ညာနောက်ခံလူ ကာဗာဂျယ်ရဲ့ နေရာအတွက် အစားထိုးမှု အဖြစ် ဆီဗီးလားနဲ့အတူ တောက်ပနေတဲ့ ညာနောက်ခံလူ ဟွမ်လူကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

ရီးရဲလ်မက်ဒရစ်က ညာနောက်ခံနေရာမှာ ကာဗာဂျယ်နဲ့ ဗက်စ်ကွက်တို့ နှစ်ဦးကို ပိုင်ဆိုင်ထားသလို နှစ်ဦးစလုံးက ထိပ်တန်း ညာနောက်ခံလူတွေ ဖြစ်ကြပေမယ့် ကာဗာဂျယ်နဲ့ ဗက်စ်ကွက်တို့ဟာ အသက် ၃၂နှစ်စီ ရှိနေပြီ ဖြစ်တာကြောင့် မကြာခင်မှာ ကစားသမား ဘဝ နောက်ဆုံးအချိန်တွေကို ရောက်ရှိတော့မှာပါ။

Photo Credit: Marca

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက လာမယ့် နွေဈေးကွက်မှာ ကာဗာဂျယ်နဲ့ ဗက်စ်ကွက်တို့ရဲ့ နေရာကို အစားဝင်နိုင်မယ့် ညာနောက်ခံလူ တဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး လတ်တလောမှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကင်းထောက်တွေက ဥရောပတိုက်မှာ ရှိတဲ့ ညာနောက်ခံလူ အများအပြားရဲ့ ခြေစွမ်းတွေကို အကဲခတ်နေကြပါတယ်။

တဖက်မှာတော့ စပိန် ယူ-၂၁အသင်းနဲ့ ဆီဗီးလားတို့ရဲ့ အဓိက ညာနောက်ခံလူ ဟွမ်လူက အသက် ၂၀အရွယ်သာ ရှိသေးပြီး ဟွမ်လူက ယခုနှစ် ဘောလုံးရာသီမှာ ဆီဗီးလား အတွက် ပြိုင်ပွဲစုံမှာ ၃၀ပွဲ အထိ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားတာကြောင့် အနာဂတ်မှာ စပိန်အသင်း အတွက် အားကိုးရမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goalရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ဆီဗီးလား လူငယ်ကြယ်ပွင့် ဟွမ်လူကို ကာဗာဂျယ်ရဲ့ ဆက်ခံသူ အဖြစ် ရှုမြင်နေပြီး ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူ တချို့က ဆီဗီးလားမှာ ကစားနေတဲ့ အသင်းရဲ့ ကစားသမားဟောင်း ရာမို့စ်ထံ ဆက်သွယ်ကာ ဟွမ်လူရဲ့ ခြေစွမ်းခြေစနဲ့ စိတ်ဓာတ်ပိုင်းကို မေးမြန်းထားကြောင်း သိရှိရပါတယ်။

ဟွမ်လူက တက်သစ်စ လူငယ်ခံစစ်မှူးတွေထဲမှာ အတော်လေး ခြေစွမ်းထက်မြက်သူ ဖြစ်သလို တိုက်စစ်အားသန် အစွန်ခံစစ်မှူး ဖြစ်တာကြောင့် ဖြတ်တင်ဘော ပေးပို့ရာမှာ ထူးချွန်ပေမယ့် ငယ်ရွယ်သေးတာကြောင့် လျင်မြန်တဲ့ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရရင် အနည်းငယ် ရုန်းကန်ရလေ့ ရှိကာ ဆီဗီးလားကတော့ ဟွမ်လူအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းကျော် လိုချင်နေပါတယ်။