စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အသင်းနဲ့ လမ်းခွဲဖို့ ရာခိုင်နှုန်း များပြားနေတဲ့ နည်းပြချုပ် အန်ဆလော့တီရဲ့ နေရာအတွက် အာဆင်နယ်နဲ့အတူ တောက်ပနေတဲ့ စပိန်လူမျိုး နည်းပြဖြစ်သူ မီခေး အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်း ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်ရှိနည်းပြဖြစ်သူ အန်ဆလော့တီနဲ့အတူ လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေကို ရရှိခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ ရလဒ်ဆိုး တချို့နဲ့ ကြုံတွေ့နေရပြီး မဟာပြိုင်ဘက် ဘာစီလိုနာဆီ စပိန်စူပါဖလားကို လက်လွှတ်ထားရသလို စပိန်ကိုပါဒယ်ရေးနဲ့ လာလီဂါ ဖလားတွေကိုလည်း ဘာစီလိုနာဆီ လက်လွှတ်ရဖို့ နီးစပ်နေပါတယ်။

Photo Credit: Sky Sports

ဒါ့အပြင် နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ တာဝန်ရှိသူတွေ ကြားထဲမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေပြီး အန်ဆလော့တီက ပြီးခဲ့တဲ့ အပြောင်းအရွှေ့ နှစ်ခုမှာ ကစားသမားသစ်တွေ ခေါ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် တာဝန်ရှိသူတွေက ငွေကြေးချွေတာချင်တာကြောင့် ထိပ်တန်း ကစားသမားတွေကို ခေါ်ပေးဖို့ ငြင်းဆန်ရာ ကနေ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာတင် အန်ဆလော့တီနဲ့ လမ်းခွဲဖို့ စဉ်းစားနေသလို အန်ဆလော့တီကလည်း ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာကာ ဘရာဇီးလ် လက်ရွေးစင်အသင်းရဲ့ နည်းပြချုပ် အဖြစ် လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါတယ်။

Photo Credit: Sky Sports

ရီးရဲလ်မက်ဒရစ်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဂွန်ဇာလက်ဇ်ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က အန်ဆလော့တီ မရှိတော့ရင် အာဆင်နယ်နည်းပြ အာတီတာကို နည်းပြသစ် အဖြစ် ခေါ်ယူခန့်အပ်ဖို့ စဉ်းစားထားပြီး စပိန်သား တဦး ဖြစ်တဲ့ အာတီတာကလည်း သူတို့ဆီ ပြောင်းရွှေ့လာလိမ့်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

စပိန်လူမျိုး နည်းပြဖြစ်သူ အာတီတာက အာဆင်နယ်ကို ၃နှစ်ခွဲကြာအောင် ကိုင်တွယ်ခဲ့ရာမှာ အက်ဖ်အေဖလား ၁လုံးနဲ့ ကွန်မြူနတီဒိုင်း တလုံး ရအောင် ယူနိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ဆယ်စုနှစ် ၂စုကျော် ကြာအောင် ဝေးကွာခဲ့ရတဲ့ လိဂ်ဖလားကို ပြန်လည် သိမ်းပိုက်နိုင်အောင် ကြိုးစားပေးနေပါတယ်။