တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးမှာ ကစားနေတဲ့ အာဂျင်တီးနား တိုက်စစ်မှူး အိုင်ကာဒီက လာမယ့် ဆောင်းဈေးကွက်မှာ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့တော့မယ်လို့ တူရကီအခြေစိုက် သတင်းရင်းမြစ်တွေနဲ့ စပိန်သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၀ အရွယ် အာဂျင်တီးနား တိုက်စစ်မှူး အိုင်ကာဒီက ပီအက်စ်ဂျီကနေ ဂါလာတာစာရေးဆီ ပြောင်းရွှေ့ ကစားပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပါတယ်။

Photo Credit: Standard

အိုင်ကာဒီက ဂါလာတာစာရေး အတွက် ပြိုင်ပွဲစုံမှာ ၅၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄၀ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၄ကြိမ် ရရှိထားပြီး သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့် ဥရောပ ထိပ်သီးကလပ် တချို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Radio Marcaရဲ့ ဖော်ပြချက်အရ အိုင်ကာဒီက လာမယ့် ဆောင်းဈေးကွက်မှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့လာဖို့ နီးစပ်နေပြီး ရီးရဲလ်မက်ဒရစ်ဟာ ဒဏ်ရာရ ကစားသမား များပြားနေမှုကြောင့် အိုင်ကာဒီကို ခေါ်ယူဖို့ စီစဉ်နေတာလို့ သိရပါတယ်။

Photo Credit: Metro

တူရကီအခြေစိုက် သတင်းရင်းမြစ်တွေကလည်း အိုင်ကာဒီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားသမားသစ် ဖြစ်လာမယ်လို့ ဖော်ပြနေကြပြီး ရီးရဲလ်မက်ဒရစ်က အိုင်ကာဒီကို အငှားနဲ့ ခေါ်မလား ၊ ဒါမှမဟုတ် အပြီးသတ် ခေါ်ယူမှာလား ဆိုတာကို အတိအကျ မသိရသေးပါဘူး။

ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ ပြောင်းလဲထားတဲ့ စည်းမျဉ်းတွေကြောင့် အိုင်ကာဒီဟာ ဂါလာတာစာရေးနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖြစ်ခဲ့ရင် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့် ပွဲတွေမှာ ပါဝင် ကစားပေးနိုင်မှာပဲ ဖြစ်ပါတယ်။