ရီးယဲလ်မက်ဒရစ်အသင်းဟာ ဘရိုက်တန်အသင်းရဲ့ အီတလီလူမျိုး ဘောလုံးနည်းပြ ရောဘတ်တို ဒီဇာဘီနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ စပိန် သတင်းမီဒီယာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ အသင်းရဲ့ လက်ရှိနည်းပြကြီး ကားလို့ အန်ဆယ်လော့တီနဲ့ မကြာခင်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဝါရင့် နည်းပြကြီး အန်ဆယ်လော့တီဟာလည်း ရီးယဲလ်နဲ့ လမ်းခွဲအပြီး ဘရာဇီးလ်အသင်းကို ကိုင်တွယ်တော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီလို အခြေအနေမှာ ရီးယဲလ်က အန်ဆယ်လော့တီနဲ့ ဆက်လက် လက်တွဲဖို့အထိ ကြိုးပမ်းလျက် ရှိနေပြီး တကယ်လို့ ဒီကြိုးပမ်းမှု အဆင်မပြေနိုင်တော့ရင် အန်ဆယ်လော့တီနေရာ အစားထိုးဖို့အတွက် နည်းပြသစ်တစ်ဦးကို ရှာဖွေရတော့မှာပဲ ဖြစ်ပါတယ်။

အန်ဆယ်လော့တီနဲ့ ဆွေးနွေးနေချိန်မှာပဲ နည်းပြသစ် တစ်ဦးကိုပါ တစ်ခါတည်း ရှာဖွေနေတဲ့ ရီးယဲလ်အသင်းဟာ လက်ရှိ လေဗာကူဆင်နည်းပြဖြစ်တဲ့ ကစားသမားဟောင်း ဇာဗီ အလွန်ဆိုနဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီတို့ကို စိတ်ဝင်စားလျက်လည်း ရှိနေပါတယ်။

Photo Credit : Sportslen

ရှက်တာဒိုးနက် နဲ့ ဆာဆူအိုလိုအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ ဒီဇာဘီဟာ မနှစ်ကမှ ဘရိုက်တန်နည်းပြ ဖြစ်လာခဲ့သူဖြစ်ပြီး ဘရိုက်တန်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ပွဲဦးထွက်ရာသီမှာပဲ အသင်းကို ယူရိုပါလိဂ်ဝင်ခွင့် ရရှိအောင်ပါ စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ ရုန်းကန်မှုတွေ ရှိနေရပေမယ့်လည်း အန်ဆယ်လော့တီလို အီတလီ လူမျိုး ဘောလုံးနည်းပြတစ်ဦး ဖြစ်နေတဲ့အပြင် ဇာဗီ အလွန်ဆိုထက် နည်းပြ အတွေ့အကြုံ သာလွန်သူ ဖြစ်နေတာကြောင့် ရီးယဲလ်က ဒီဇာဘီကို ပိုမျက်စိကျနေတာ ဖြစ်ကြောင်း SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။