ရီးရဲလ် မက်ဒရစ်အသင်းဟာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဝီလီယံ ဆာလီဘာကို ခေါ်ယူဖို့အတွက် အလေးအနက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
ပြင်သစ်အားကစားသတင်းစာ L’Equipe ရဲ့ ဖော်ပြချက်အရ စပိန်ထိပ်သီးကလပ် ရီးရဲလ်အသင်းဟာ ဆာလီဘာရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ရက်သတ္တပတ်ပေါင်းများစွာ ဆက်သွယ် ဆွေးနွေးနေခဲ့တာဖြစ်ပြီး လာမယ့်လတွေအတွင်းမှာ အာဆင်နယ်အသင်းဆီ တရားဝင် ကမ်းလှမ်း ချဉ်းကပ်သွားဖွယ် ရှိတယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ ဆာလီဘာကို လာမယ့် နှစ်ပေါင်းများစွာအတွက် အသင်းခံစစ်ကို ဦးဆောင်နိုင်မယ့်သူအဖြစ် ရှုမြင်နေပါတယ်။
Photo Credit : Goal
ရီးရဲလ်ဟာ ဒီဘောလုံးရာသီမှာ ခံစစ်ပိုင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပြီး အဓိက ကစားသမားတွေဖြစ်တဲ့ ဒေးဗစ် အလာဘာနဲ့ အယ်ဒါ မီလီတာအိုတို့ နှစ်ဦးစလုံးဟာ ရာသီရဲ့ အချိန်ကာလ အတော်များများမှာ ပါဝင်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဆာလီဘာကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့သူဖြစ်ပြီး လာလီဂါ ချန်ပီယံတွေရဲ့ ခံစစ်ပိုင်းကို ပိုမို အဆင့်မြှင့်တင်ပေးနိုင်မယ့်သူ ဖြစ်ပါတယ်။
အသက်(၂၄)နှစ်အရွယ် ဗဟိုခံစစ်ကစားသမား ဆာလီဘာဟာ အာဆင်နယ်ရဲ့ဗဟိုခံစစ်ပိုင်းမှာ ဂါဘရီရယ်လ်နဲ့ တွဲဖက်ပြီး အကောင်းဆုံး ခံစစ်အတွဲအဖက်အဖြစ် စွမ်းဆောင်ပြထားနိုင်ခဲ့သလို ဥရောပ ထိပ်တန်းကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုလည်း အတော်လေး ရရှိထားပါတယ်။
Photo Credit : Goal
ဆာလီဘာဟာ အာဆင်နယ်အသင်းနဲ့ လက်ရှိ စာချုပ်သက်တမ်း (၂)နှစ်သာ ကျန်ရှိတော့တာကြောင့် အာဆင်နယ်အတွက် သူ့ကို ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားနဲ့ ရောင်းချနိုင်မယ့် နောက်ဆုံး အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။ ဂန်းနားတို့ဘက်က ဆာလီဘာကို စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် L’Equipe သတင်းစာကတော့ ရီးရဲလ်ဟာ ပြင်သစ် နောက်ခံလူကို အမ်းမရိတ်စ်ကွင်းကနေ ဆွဲဆောင် ခေါ်ယူနိုင်ခြေ အရှိဆုံး တစ်သင်းတည်းသော ကလပ် ဖြစ်တယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။
ဆာလီဘာကို ဒီလာမယ့် ဗုဒ္ဓဟူးနေ့မှာ အာဆင်နယ်အသင်းအတွက် နောက်တစ်ကြိမ် ပြန်လည် မြင်တွေ့ရမှာဖြစ်ပြီး ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါ ဆီမီးဖိုင်နယ် ပထမအကျော့မှာတော့ အာဆင်နယ်တို့ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ထားပါတယ်။ အဲ့ဒီပွဲအပြီးမှာတော့ သူတို့ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းနဲ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။