မန်စီးတီးနဲ့ ရီးယဲလ်မက်ဒရစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ မိနစ်(၉၀)အတွင်းရော အချိန်ပို နာရီဝက်အတွင်းမှာပါ အနိုင်အရှုံး အဖြေမပေါ်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာ လက်ရှိချန်ပီယံ မန်စီးတီးကို ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးအသင်း ရီးယဲလ်က အနိုင်ယူ ကျော်ဖြတ်သွားခဲ့ပါတယ်။

ဒီပွဲမှာ ရီးယဲလ်အသင်းရဲ့ ဂိုးသမားဖြစ်သူ လူနင်က မန်စီးတီးအသင်းရဲ့ ဂိုးကန်ချက်ပေါင်း (၈)ကြိမ်ကို ကာကွယ်နိုင်ခဲ့တဲ့အပြင် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာလည်း ဘာနာဒို ဆေးလ်ဗားနဲ့ ကိုဗာချစ်တို့ရဲ့ ပင်နယ်တီ ကန်သွင်းမှုတွေကိုပါ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Photo Credit : News9live

တကယ်တော့ ဂိုးသမား လူနင်ဟာ ၂၀၁၈ခုနှစ်ကမှ ယူကရိန်းကလပ် ဇော်ယာအသင်းကနေ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းဆီ ရောက်ရောက်ချင်းမှာလည်း ချက်ချင်းဆိုသလို လီဟာနက်စ် ဗယ်လာဒိုးလစ်နဲ့ အော်ဗီဒိုအသင်းတွေကို အငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။

လူနင်ဟာ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာပဲ ရီးယဲလ်အတွက် ပထမဆုံးသော ပွဲဦးထွက်အဖြစ် ပါဝင်ကစားခွင့် ရရှ်ိခဲ့ပြီး မနှစ်က ဘောလုံးရာသီမှသာ အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၂)ပွဲအထိ ပါဝင်လာခဲ့ရင်း သူ့ကိုလည်း ရီးယဲလ်အသင်း ပရိသတ်တွေက ပိုမို သတိထားလာခဲ့ပါတယ်။

Photo Credit : Bola

ဒီရာသီမှာလည်း လူနင်က ရီးယဲလ်ရဲ့ တတိယမြောက် ဦးစားပေး ဂိုးသမားအဖြစ်သာ သတ်မှတ်ခံထားရပြီး အဓိက ဂိုးသမား ကော်တွိုက်စ် ဒဏ်ရာရသွားချိန်မှာလည်း ချယ်လ်ဆီးကနေ အငှားနဲ့ ခေါ်လိုက်တဲ့ ကယ်ပါ အာရီဇာဘယ်လာဂါက လူနင်ကိုကျော်ကာ အသင်းမှာ ပွဲထွက်ကစားခွင့် ပိုမို ရရှိလာခဲ့ပါတယ်။

ဒါပေမယ့် လူနင်က သူကြိုးစားလုပ်ဆောင်ရမယ့် အရာတွေကို တစိုက်မက်မက် လုပ်ဆောင်ရင်း ကယ်ပါက လက်စွမ်းကျဆင်းလို့ လူနင်အတွက် အခွင့်အရေး ရလာချိန် အသင်းမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ရင်း အခုဆိုရင် အသင်းကိုပါ ချန်ပီယံလ်ိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အထိပါ ပို့ဆောင်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။