ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ကစားသမားများက အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် ကီလီယန် အမ်ဘာပေကို ခေါ်ယူမယ့်အစား နာပိုလီရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်ကိုသာ ခေါ်ယူသင့်တယ်လို့ ယုံကြည်နေတယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ရီးယဲလ်က အသင်းရဲ့ အထောင်တိုက်စစ် နေရာအတွက် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ဘာပေကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ကမ်းလှမ်းမှုလည်း လုပ်ဆောင်ထားသလို ဒီဇန်နဝါရီ (၁၅)အတွင်း ကမ်းလှမ်းမှုကို ပြန်လည် အကြောင်းပြန်ဖို့ တောင်းဆိုထားပါသေးတယ်။

Photo Credit : Football Transfer

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းတချို့မှာတော့ ဘာပေက လာမယ့်နွေမှာ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ဖို့အတွက် သဘောတူထားလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေသလို တချို့သတင်းတွေမှာလည်း ဘာပေက တုံ့ပြန်မှု မလုပ်ရသေးဘူးလို့ပါ ဖော်ပြနေကြပါတယ်။

ဒါပေမယ့် ရီးယဲလ်အသင်းရဲ့ ကစားသမား အများအပြားကတော့ မိုနာကို တိုက်စစ် ကစားသမားဟောင်း ဘာပေထက် နာပိုလီမှာ တောက်ပနေတဲ့ အိုဆင်မန်ကသာ အသင်းကို ရောက်ရှိလာသင့်တဲ့ ကစားသမားတစ်ဦးလို့ သတ်မှတ်နေကြလျက် ရှိနေတယ်လို့ Football Transfer က ဖော်ပြလာပါတယ်။

Photo Credit : Youtube

ရီးယဲလ်အသင်းရဲ့ စီနီယာ ကစားသမားတွေ အများစုက အိုဆင်မန်ဟာ ရီးယဲလ် ကစားသမားဟောင်းကြီးဖြစ်သူ ကာရန် ဘန်ဇီမာရဲ့ ပုံစံမျိုး ဆင်တူတဲ့ ကစားသမား ဖြစ်သလို သူရဲ့ ကစားဟန်ကလည်း ရီးယဲလ်အသင်း ကစားဟန်နဲ့ ပိုပြီး အံ့ဝင်ခွင်ကျ ဖြစ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

အသက် (၂၅)နှစ်အရွယ် အာဖရိကကြယ်ပွင့် အိုဆင်မန်ကို နာပိုလီအသင်းက မကြာသေးခင်ကမှ ၂၀၂၆ခုနှစ်အထိ သက်တမ်း တိုးမြှင့်ထားပြီး စာချုပ်ဖျက်သိမ်းကြေးကိုလည်း ယူရို သန်း(၁၃၀)အထိ သတ်မှတ်ထားပါတယ်။ အိုဆင်မန်ကို ချယ်လ်ဆီးက main target အဖြစ် သတ်မှတ်ထားပေမယ့် ရီးယဲလ်ကတော့ ဘာပေကိုသာ ဦးစားပေး ခေါ်ယူဖွယ်သာ ရှိနိုင်ပါတယ်။