ရီးယဲလ်မက်ဒရစ်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားသစ်တွေ အားဖြည့်ဖို့ ရှိနေရာ စပိန်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရတော့ ရီးယဲလ်အနေနဲ့ ချယ်လ်ဆီးရဲ့ ဂျာမနီ တိုက်စစ်ကစားသမား ကိုင်းဟာဗက်ဇ်ကိုပါ မျက်စိကျနေတယ်လို့ သိရှိရပါတယ်။

Graham Potter's Chelsea: Where will Kai Havertz play?

Photo Credit : The Pride of London

ရီးယဲလ် အသင်းဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ် နဲ့ အသင်းနည်းပြ ကားလို့အန်ဆလော့တီတို့ဟာ မန်စီးတီးကို (၄)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပွဲစဉ်အပြီးမှာပဲ အသင်းရဲ့ အနာဂတ်အတွက် ဆွေးနွေးမှုတွေကိုလည်း လုပ်ဆောင်ခဲ့ရာ ချယ်လ်ဆီး တိုက်စစ်ကစားသမား ဟာဗက်ဇ်ကို အသင်းနဲ့ အံ့ဝင်နိုင်မယ့် ကစားသမားထဲက တစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ချယ်လ်ဆီးကလည်း မကြာသေးခင်ကမှ ပိုချက်တီနိုကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ထားရာ ပိုချက်တီနိုအနေနဲ့ အသင်းမှာ ကစားသမား တချို့ကို ရှင်းထုတ်ဖွယ် ရှိနေရာ ဒီထဲမှာ ဟာဗက်ဇ်ပါ ပါဝင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Marca

ဂျာမနီ လက်ရွေးစင် ကစားသမား ဟာဗက်ဇ်ဟာ ၂၀၂၀ခုနှစ်ကမှ လေဗာကူဆင်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၇၆)သန်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပွဲဦးထွက်ရာသီမှာပဲ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အသက် (၂၃)နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ချယ်လ်ဆီးနဲ့အတူ (၃)ရာသီ ဖြတ်သန်းရင်း ပွဲပေါင်း (၁၃၉)ပွဲ ပါဝင် ကစားပြီး စုစုပေါင်း (၃၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

လက်ရှိမှာ ရီးယဲလ်ဘက်ကလည်း အသင်းရဲ့ အမာခံ တိုက်စစ် ကစားသမားကြီး ကာရင်ဘန်ဇီမာကို လက်လွတ်သွားရတော့မှာဖြစ်လို့ ဘန်ဇီမာနေရာမှာ အစားထိုးဖို့အတွက် အရည်အသွေးမြင့် တိုက်စစ်မှူးမျိုးကို ရှာဖွေနေရာ မကြာသေးခင်ကမှ လီဗာပူးလ်နဲ့ လက်တွဲဖြုတ်ထားတဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမားကြီး ရောဘတ်တိုဖာမီနိုနဲ့ မမျှော်လင့်ပဲ ချယ်လ်ဆီးနဲ့ လမ်းခွဲရနိုင်တဲ့ ဟာဗက်ဇ်ကိုပါ ပူးတွဲ စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါ့အပြင် ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်တွေဖြစ်သော လေဗာကူဆင် တောင်ပံကကစားသမား မူဆာဒီယာဘီ နဲ့ ကာရင်အဒီယေမီတို့ကိုလည်း ရီးယဲလ်ဘက်က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။