ရီးယဲလ် မက်ဒရစ်အသင်းအနေနဲ့ အသင်းတိုက်စစ်ပိုင်းအတွက် စပို့တင်း လစ္စဘွန်းအသင်းရဲ့ ဆွီဒင် တိုက်စစ်ကစားသမား ဗစ်တာ ယိုကယ်ရက်စ်ကို ရအောင် ခေါ်ယူသွားသင့်တယ်လို့ ပရီးမီးယားလိဂ် ကစားသမားဟောင်း အိုဟားရားက သုံးသပ် ပြောကြားသွားခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ ဒီနွေမှာ တိုက်စစ်ပိုင်းအတွက် ပီအက်စ်ဂျီရဲ့ ပြင်သစ် စူပါစတား ကစားသမား ကီလီယန် အမ်ဘာပေနဲ့ ဘရာဇီးလ် ဆယ်ကျော်သက် ကြယ်ပွင့်လေး အန်းဒရစ်ခ်တို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး ဘာပေ ဗင်နီစီယပ်စ် ရိုဒရီဂို ဘယ်လင်ဟမ်တို့ရဲ့ တိုက်စစ်အစုအဖွဲ့ဟာလည်း စိတ်လှုပ်ရှားစရာ အခြေအနေ ဖြစ်လာခဲ့ပါတယ်။
Photo Credit : PSG Talk
ဒါပေမယ့်လည်း ဘာပေက ရီးယဲလ်မှာ စတင် ကစားချိန်ကနေ လက်ရှိအထိ (၁၅)ပွဲကစား (၈)ဂိုး သွင်းယူထားနိုင်ခဲ့ပေမယ့် အခွင့်အရေးပေါင်းများစွာ လွဲချော်ခဲ့တာတွေ အသုံးမချနိုင်ခဲ့တာတွေ ရှိခဲ့ရပါတယ်။ နောက်ပြီး ဘာပေက ပီအက်စ်ဂျီမှာဆို ဘယ်တောင်ပံနေရာနဲ့ ကစားခဲ့ပေမယ့် ရီးယဲလ်မှာတော့ ဗင်နီစီယပ်စ်လည်း ရှိနေတာကြောင့် အထောင်တိုက်စစ်နေရာမှာသာ ကစားနေရပါတယ်။
ဘာပေရဲ့ လာလီဂါ သွင်းဂိုး (၆)ဂိုးမှာလည်း ပင်နယ်တီကနေ သွင်းယူခဲ့တာလည်းဖြစ်လို့ ဒါက ရီးယဲလ်တိုက်စစ်အတွက် လိုအပ်ချက် ဖြစ်နေသလို တစ်ဖက်မှာ ခါးသီးပြိုင်ဘက် ဘာစီလိုနာအသင်းက ဒိရာသီထဲ တိုက်စစ်ပိုင်းက အားအရမ်းကောင်းနေတာကြောင့် ဒါဟာလည်း ရီးယဲလ်အတွက် ပိုပြီး ရင်လေးစရာ ဖြစ်လာရပါတယ်။
Photo Credit : Goal
ဒီလို အခြေအနေမှာ စပါးကစားသမားဟောင်း အိုဟားရားက ရီးယဲလ်အနေနဲ့ စပို့တင်း တိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။ “လက်ရှိအချိန်မှာ ကမ္ဘာပေါ်က ဘယ်ကလပ်အသင်းမဆို ဗစ်တာ ယိုကယ်ရက်စ်ကို ခေါ်ယူချင်ကြမှာပဲ။ ဒါပေမယ့် ဒီကစားသမားက ရီးယဲလ် မက်ဒရစ်အသင်းဆီကို သွားသင့်တယ်။ ဒီအသင်းကလည်း လက်ရှိမှာ အထောင်တိုက်စစ်သမားတစ်ဦး လိုအပ်နေတာပါ။”
“သူတို့က နွေကပဲ ပီအက်စ်ဂျီကနေ ကီလီယန် အမ်ဘာပေကို ခေါ်ယူခဲ့ပေမယ့် သူက အသင်းတိုက်စစ်မှာ သိပ်အလုပ်မဖြစ်နေပါဘူး။ သူတို့ဟာ ဒီရာသီမှာလည်း အများကြီး ကျဆင်းနေခဲ့ပါတယ်။ ယိုကယ်ရက်စ်ကတော့ အာလင်း ဟာလန်းနဲ့ ဆင်တူတယ်။ သန်မာတယ်။ ကြံခိုင်တယ်။ ဂိုးပေါက်ကိုလည်း အလွယ်တကူ ရှာနိုင်တယ်။ ခံစစ်ကစားသမားတွေနဲ့ တစ်ဦးချင်း ရင်ဆိုင်ရဲတဲ့သူပါ။ သူ့ကို ကျွန်တော် အရမ်းသဘောကျမိတယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။