ရီးယဲလ် မက်ဒရစ်အသင်းကတော့ အသင်းရဲ့ ခံစစ်ပိုင်းကို အားကောင်းလာစေဖို့အတွက် အာဆင်နယ်အသင်းက ပြင်သစ် ဗဟိုခံစစ်ကစားသမား ဝီလီယံ ဆလီဘာကို အရ ခေါ်ယူသွားဖို့ ပြင်ဆင်နေသလို ခံစစ်မှူးတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်မယ့် ပြောင်းရွှေ့ကြေးမျိုးနဲ့ပါ ကမ်းလှမ်းလာနိုင်တယ်လို့ SPORT ကနေ ဖော်ပြလာပါတယ်။
ရီးယဲလ်အသင်းက လက်ရှိ အသင်းရဲ့ ဗဟိုခံစစ်ပိုင်းမှာ ရူဒီဂါ မီလီတာအို အာလာဘာ ဗယ်လေဟို အဆန်စီယိုတို့ ပိုင်ဆိုင်ထားပေမယ့် မီလီတာအိုနဲ့ အာလာဘာတို့က ဒဏ်ရာတွေ ရနေကြပြီး အာလာဘာက ပြန်ကစားနိုင်တော့မှာ ဖြစ်ပေမယ့်လည်း မီလီတာအိုကတော့ ကာလရှည်ကြာ နားရဦးမှာပဲ ဖြစ်ပါတယ်။
Photo Credit : The Independent
ဒါ့အပြင် ရီးယဲလ်က ဒီရာသီထဲမှာလည်း ခံစစ် လိုအပ်ချက်ကြောင့် ကွင်းလယ်လူ ချူအာမန်နီနဲ့ လူငယ်အသင်းက ကစားသမားလေး အဆန်စီယိုတို့ကိုပါ ဗဟိုခံစစ်နေရာအတွက် ထည့်သွင်း အသုံးပြုခဲ့ရပါသေးတယ်။ ဒီလို အခြေအနေတွေကြောင့် ဗဟိုခံစစ်ပိုင်းအတွက် ထိပ်တန်း ကစားသမား တစ်ဦးကို ဖြည့်တင်းသွားဖို့ စီစဉ်လာတာပဲ ဖြစ်ပါတယ်။
ရီးယဲလ် ပစ်မှတ်ထားနေတဲ့ ဗဟိုခံစစ်မှူးတွေထဲမှာ မန်စီးတီး နောက်ခံလူဟောင်း လာပေါ့တ်အပြင် အာဆင်နယ် ခံစစ်မှူး ဆာလီဘာ ၊ စပါး နောက်ခံလူ ရိုမဲရိုးနဲ့ ယူနိုက်တက်က လီဆန်ဒရို မာတီနက်ဇ်တို့ ပါဝင်နေကြပေမယ့် ရီးယဲလ်ကတော့ ဆာလီဘာကိုသာ အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ် သတ်မှတ်လို့ထားပါတယ်။
Photo Credit : Arsenal.com
ဆာလီဘာကလည်း အာဆင်နယ်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် အသင်းခံစစ်တန်းမှာ ဂါဘရီရယ်လ်နဲ့ တွဲဖက်ပြီး ခြေစွမ်းကောင်းတွေ ပြသနေသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၃ကပဲ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားတဲ့ ဆလီဘာက အာဆင်နယ်မှာသာ ပျော်ရွှင်နေသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ရီးယဲလ်ကတော့ သူတို့ရဲ့ အဓိကပစ်မှတ် ဆလီဘာကို အရ ခေါ်ယူနိုင်ဖို့အတွက် နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်လာမယ့် ပေါင်(၈၃)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာဖို့ ရှိနေပြီး ဒီအပြောင်းအရွှေ့ ဖြစ်လာခဲ့မယ်ဆိုရင် လက်စတာကနေ ယူနိုက်တက်ဆီ ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟယ်ရီ မက်ဂွိုင်းယားရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးကို ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်။