မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ကိုဘီ မိန်းနူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းများစာရင်းထဲမှာ ရီးယဲလ် မက်ဒရစ်နှင့် အက်သလက်တီကို မက်ဒရစ်တို့လို လာလီဂါ ထိပ်သီးအသင်းတွေပါ ပါဝင်လာခဲ့ပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပါတယ်။
ယူနိုက်တက်ရဲ့ လူငယ်အကယ်ဒမီထွက် ကစားသမားဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဒဏ်ရာမှ ပြန်လည်သက်သာလာပြီးနောက်ပိုင်း နည်းပြရူဘင် အမိုရင်ရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေခဲ့ပါတယ်။
Photo Credit : Madrid Universal
The Guardian သတင်းစာရဲ့ ဖော်ပြချက်အရ မိန်းနူးဟာ နည်းပြ အမိုရင်ရဲ့ ချောင်ထိုးခြင်းကို ခံထားရပြီးနောက် စိတ်ပျက်နေကာ လာမယ့်တနင်္လာနေ့ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ အသင်းကနေ ထွက်ခွာလိုနေပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ ၂၀၂၅-၂၆ ရာသီသစ်ရဲ့ ပထမဆုံးပွဲစဉ်နှစ်ပွဲဖြစ်တဲ့ အာဆင်နယ်၊ ဖူလ်ဟမ်တို့နဲ့ပွဲတွေမှာ တစ်မိနစ်မှ ပါဝင်ကစားခွင့် မရခဲ့ပါဘူး။
Daily Mail သတင်းအရ မက်ဒရစ်မြို့ခံအသင်းကြီးနှစ်သင်းဖြစ်တဲ့ ရီးယဲလ်နဲ့ အက်သလက်တီကိုတို့အပြင် အခြားပရီးမီးယားလိဂ်ကလပ်အများအပြားကလည်း ယူနိုက်တက်ရဲ့ လူငယ်ကြယ်ပွင့်ကို စိတ်ဝင်စားနေကြပါတယ်။ စပိန်ကလပ်တွေကတော့ အင်္ဂလန်ကွင်းလယ်ကစားသမားကို တစ်ရာသီအငှားစာချုပ်နဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
Photo Credit : TEAMtalk
ဒါပေမယ့်လည်း ယူနိုက်တက်အသင်းကတော့ မိန်းနူးကို ယာယီအငှားစာချုပ်နဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိသလို သူ့ကိုရောင်းချဖို့ အလျင်စလိုလည်း မရှိသေးပါဘူး။ နည်းပြအမိုရင်ရဲ့ လက်ရှိလူစာရင်းမှာ ဗဟိုကွင်းလယ်နေရာအတွက် ရွေးချယ်စရာလေးဦးအထိ ရှိနေတာကြောင့် ယူနိုက်တက်ဘက်က တန်ဖိုးကြီးမားတဲ့ အပြီးသတ်ပြောင်းရွှေ့ကြေး ကမ်းလှမ်းမှုတစ်ခု မရရှိမချင်း ဒီအပြောင်းအရွှေ့ကို ခွင့်ပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။
အမိုရင်ရဲ့ ယူနိုက်တက်အသင်းဟာ ဒီကနေ့ (ဗုဒ္ဓဟူးနေ့)မှာ ဂရင်းစဘီတောင်းအသင်းနဲ့ ကာရာဘောင်းဖလား ဒုတိယအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လာမယ့် သြဂုတ်လ (၃၀)ရက်နေ့မှာတော့ ဘန်လေအသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ လက်ခံကစားသွားရမှာ ဖြစ်ပါတယ်။