ဘာစီလိုနာ ပီအက်စ်ဂျီနဲ့ ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းတို့ပါ အပြိုင်စိတ်ဝင်စားနေကြတဲ့ အက်စတွန် ဗီလာ တိုက်စစ်ကစားသမား ဂျွန် ဒူရန်ကို ရီးယဲလ် မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားလျက် ရှိနေတယ်လို့ Foot Mercato သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

အသက်(၂၁)နှစ်အရွယ် ကိုလံဘီယာ လက်ရွေးစင် တိုက်စစ်မှူး ဒူရန်ဟာ ဒီနွေမှာ ဗီလာကနေ ထွက်ခွာပြီး ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း အပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘဲ ဗီလာမှာသာ ဆက်နေခဲ့ရရင်းနဲ့ မထင်ထားလောက်အောင်ပါ ခြေစွမ်းပြနိုင်ခဲ့လို့ အသင်းဘက်ကပါ ဒူရန်ကို စာချုပ်သစ် ချုပ်ဆိုဖြစ်ခဲ့ပါသေးတယ်။

Photo Credit : talkSPORT

ဒူရန်က ဒီရာသီမှာ ဗီလာအတွက် ပြိုင်ပွဲစုံ (၂၈)ပွဲ ပါဝင်ကစားထားပြီး (၁၂)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဂိုးအများစုဟာလည်း လူစားဝင်လာပြီးမှ သွင်းယူခဲ့တဲ့ အဖိုးတန်သွင်းဂိုးတွေ ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကစားသမားကို ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့က စတင် စိတ်ဝင်စားလာခဲ့သလို အယ်လ်နာဆာကပါ ဒူရန်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

ဒူရန်ဟာ ဗီလာနဲ့ စာချုပ်သစ် ချုပ်ဆိုထားတာ မကြာသေးပေမယ့်လည်း အသင်းမှာက တိုက်စစ်မှူး ဝက်ကင်းစ်ကို ကျော်လွန်ပြီး ပွဲကစားခွင့်က သိပ်မရတာကြောင့် သူ့အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့ရင် စဉ်းစားကောင်း စဉ်းစားလာနိုင်ပါတယ်။ ဗီလာကတော့ ဒူရန်ကို ရောင်းချရမယ်ဆိုရင် ပေါင်သန်း(၈၀)လောက်အထိ အလိုရှိနေပါတယ်။

Photo Credit : Caught Offside

ဒီတန်ကြေးမျိုးနဲ့ အယ်လ်နာဆာအသင်းက ဒူရန်ကို ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ပေမယ့် ရီးယဲလ်အသင်းကလည်း ဒူရန်အတွက် ပြောင်းရွှေ့ကြေးအပြင် သူတို့ရဲ့ ဘရာဇီးလ် လူငယ် တိုက်စစ်ကစားသမားလေး အန်းဒရစ်ခ်ကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဗီလာဆီကို အငှားချပေးသွားမယ့် ကမ်းလှမ်းမှုမျိုးထိ ပြုလုပ်လာနိုင်ပါတယ်။

ဒါပေမယ့် ဒီလို ကမ်းလှမ်းမှုက အခု ဆောင်းဈေးကွက်မှာ မဖြစ်လာနိုင်သေးဘဲ လာမယ့်နွေမှသာ ဖြစ်ပေါ်လာနိုင်ပြီး ပီအက်စ်ဂျီနဲ့ အယ်လ်နာဆာတို့ကလည်း ဒူရန်အတွက် ကမ်းလှမ်းမှုတွေ အပြိုင်လုပ်လာဖို့ ရှိနေသလို လီဝန်ဒေါစကီးနေရာမှာ တိုက်ရိုက် အစားထိုးမယ့်သူ လိုအပ်နေတဲ့ ဘာစီလိုနာကလည်း ဒူရန်ကို အရ ခေါ်ယူသွားဖို့ ကြိုးပမ်းလာနိုင်ပါတယ်။