ရီးရဲလ် မက်ဒရစ်အသင်းဟာ ဘင်ဖီကာ နောက်ခံအစွန်လူ အယ်လ်ဗာရို ဖာနန်ဒက်ဇ်(ကာရဲယားစ်)နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုအားလုံး ရရှိပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် အလွန်အမင်း ဆန္ဒပြင်းပြနေပြီး ကြိုးပမ်းအားထုတ်မှုတွေ အများကြီး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ကစားသမားနဲ့ ရီးရဲလ်အသင်းတို့အကြား အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေအားလုံးကို သဘောတူညီပြီးဖြစ်ပြီး အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် အရေးပါတဲ့ခြေလှမ်းတစ်ရပ်ကို လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
Photo Credit : Madrid-Barcelona
ဒီကနေ့ မေလ(၂၅)ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ပေါ်တူဂီဖလား ဗိုလ်လုပွဲအပြီးမှာ ရီးရဲလ်အသင်းဟာ ဘင်ဖီကာအသင်းနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဖာနန်ဒက်ဇ်ဟာ ဘင်ဖီကာမပြောင်းရွှေ့မီက ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်အကယ်ဒမီထွက်တစ်ဦး ဖြစ်ခဲ့ဖူးပါတယ်။
စပိန် ယူ-၂၁ ကစားသမားဟာ ၂၀၂၀မှာ ရီးယဲလ် လူငယ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက် လူငယ်အသင်းဆီ ရောက်လာခဲ့ပြီး (၂)နှစ်အကြာမှာပဲ ယူနိုက်တက် ယူ-၂၃အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက် စီနီယာအသင်းအတွက်တော့ ပွဲကစားခွင့်တွေ နည်းပါးနေခဲ့ရပါတယ်။
Photo Credit : TEAMtalk
နောက်ဆုံးမှာတော့ ဖာနန်ဒက်ဇ်က ဘင်ဖီကာအသင်းဆီကို အငှားကနေ အပြီးသတ် ပြောင်းရွှေ့ခဲ့ပြီး သူရဲ့ တောက်ပလွန်းတဲ့ ခြေစွမ်းတွေကြောင့်ပဲ ဥရောပထိပ်သီး ကလပ်အသင်းတွေက ဖာနန်ဒက်ဇ်ကို စိတ်ဝင်စားလာခဲ့ပြီး ဒီအသင်းတွေထဲမှာ သူ့အသင်းဟောင်း ရီးယဲလ်အသင်းလည်း ပါဝင်လာခဲ့ပါတယ်။
ယူနိုက်တက်က ဖာနန်ဒက်ဇ်ကို ပြန်လည် ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိပေမယ့်လည်း လက်ချီက ဒေါဂူကိုသာ ခေါ်ယူလိုက်သလို ဖာနန်ဒက်ဇ်အနေနဲ့လည်း ယူနိုက်တက်ဆီ ပြန်မသွားချင်တော့ဘဲ နောက်ထပ် သူ့အသင်းဖြစ်တဲ့ ရီးယဲလ်အသင်းဆီကိုတော့ ပြန်သွားချင်နေပြီး အပြောင်းအရွှေ့ ဖြစ်လာဖို့ပါ စိတ်အားထက်သန်နေပါတယ်။