စပိန်လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်ရဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ ချန်ပီယံလိဂ် ၃နှစ်ဆက် ရခဲ့တဲ့ ရွှေရောင်မျိုးဆက်ကို အစားထိုးဖို့ အတွက် မျိုးဆက်သစ် တခု တည်ဆောက်နေတာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးစီးယပ်စ် ၊ ရိုဒရီဂို ၊ ကာမာဗင်ဂါ ၊ ချူအာမီနီ စတဲ့ လူငယ်ကြယ်ပွင့်တွေကို သူတို့အသင်းရဲ့ မျိုးဆက်သစ် ကစားသမားတွေ အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit: Goal

ရီးရဲလ်မက်ဒရစ်က တိုက်စစ်ပိုင်းမှာ ဗင်နီးစီးယပ်စ်နဲ့ ရိုဒရီဂိုတို့ကို ပိုင်ဆိုင်ထားတာကြောင့် ဝါရင့် တိုက်စစ်မှူး ဘန်ဇီမာရဲ့ နေရာကို အစားဝင်နိုင်မယ့် အရည်အသွေးမြင့် တိုက်စစ်မှူး တဦးကိုသာ ထပ်မံ ခေါ်ယူဖို့ လိုအပ်တော့သလို ကွင်းလယ်ပိုင်းမှာလည်း မိုဒရစ်အလွန် ပြိုင်ဘက်ရဲ့ ကွင်းလယ်နဲ့ ခံစစ်ကြောင်းကို ဖျက်ဆီးနိုင်မယ့် ကွင်းလယ်ဗိုလ်ချုပ် တဦးသာ လိုအပ်ပါတော့တယ်။

ဒါကြောင့် ရီးရဲလ်မက်ဒရစ်က မိုဒရစ်အလွန် အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်ဖို့ အတွက် ဒေါ့မွန်နဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့ပြီး လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့တာကြောင့် ဒေါ့မွန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းပြီးရင် ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Football Transfer

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Telegraphရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ကို ခေါ်ယူပြီးရင် တိုက်စစ်ပိုင်း အတွက် ပီအက်စ်ဂျီနဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့ စီစဉ်နေပြီး ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေ အတွက် ငွေကြေးအမြောက်အမြား သုံးစွဲဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

ရီးရဲလ်မက်ဒရစ်က ၂၀၂၁ခုနှစ်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ အမ်ဘာပေကို ပြောင်းရွှေ့ကြေး ယူရို ၂၀၀သန်းနဲ့ ကမ်းလှမ်းခဲ့ဖူးပေမယ့် ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ယခုတကြိမ်မှာလည်း ရီးရဲလ်မက်ဒရစ်ဟာ အဆိုပါ ကမ်းလှမ်းမှုမျိုး ထပ်မံ ပြုလုပ်ဖွယ် ရှိနေကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။