ဘာစီလိုနာအသင်းရဲ့ လာမာစီယာ အကယ်ဒမီထွက် တောင်ပံကစားသမားလေး လာမိန်း ယာမားလ်က ဘာစီလိုနာ ဂန္တဝင် ကစားသမားကြီး လီယွန်နယ် မက်ဆီနဲ့ နှိုင်းယှဉ်ခံရတာကို သဘောကျပေမယ့်လည်း မက်ဆီလို အဆင့်မျိုး ရောက်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

အသက် (၁၇)နှစ်သာ ရှိသေးတဲ့ ဆယ်ကျော်သက် စပိန် ကစားသမားလေး ယာမားလ်ဟာ အသက်ငယ်ငယ်လေးနဲ့ ဘာစီလိုနာရဲ့ အဓိက ကစားသမား ဖြစ်နေရုံသာမကပဲ စပိန်အသင်းမှာပါ ပွဲထွက်ကစားနေရပြီး စပိန်နဲ့လည်း ယူရို-၂၀၂၄ ချန်ပီယံဆုကို ရယူ ဆွတ်ခူးထားနိုင်တဲ့ အရည်အသွေးမြင့် ကစားသမားလေးတစ်ဦး ဖြစ်ပါတယ်။

Photo Credit : The New York Times

ဒီညာတောင်ပံကစားသမားလေးဟာ ဘာစီလိုနာရဲ့ icon ကြီးဖြစ်တဲ့ မက်ဆီခြေရာကို နင်းနိုင်မယ့်သူလို့ ထင်ကြေးပေးမှုတွေ ရှိနေသလို လာမယ့် အနာဂတ်မှာလည်း မက်ဆီလို ဘာလွန်းဒေါဆုရှင်ပါ ဖြစ်လာနိုင်မယ်လို့ ခန့်မှန်းယူဆမှုတွေ ရှိနေကြပါတယ်။ ဒီလို ထင်ကြေးပေးခံရမှုတွေနဲ့ ပတ်သက်ပြီး ယာမားလ်က “ဘောလုံးသမိုင်းမှာ အကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ လီယို မက်ဆီနဲ့ နှိုင်းယှဉ်နေတာကို သဘောကျပါတယ်။”

“ဒါပေမယ့် ကျွန်တော်က လာမိန်း ယာမားလ်သာ ဖြစ်ချင်ပြီးတော့ မက်ဆီရဲ့အဆင့်မျိုးကို ရောက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။” လို့ ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။ ဆက်လက်ပြီး ယာမားလ်က သူရဲ့ အနာဂတ် အခြေအနေတွေကြောင်းကို “ကျွန်တော် ဘာစီလိုနာအသင်းကနေ ဘယ်တော့မှ မထွက်သွားချင်ပါဘူး။”

Photo Credit : Fabrizio Romano

“ကျွန်တော် ဒီကလပ်အသင်းရဲ့ ဂန္တဝင် ကစားသမားတစ်ဦးပဲ ဖြစ်ချင်ပါတယ်။ နောက်ပြီး ကျွန်တော် နီကို ဝီလီယံစ်နဲ့ အပတ်တိုင်းမှာ အတူ တွဲဖက်ပြီး ကစားသွားချင်ပါတယ်။ သူက ကျွန်တော့်အတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါ။ လာမယ့် ဘောလုံးရာသီကျရင် သူ ကျွန်တော်တို့ အသင်းဆီ ပြောင်းလာမလား ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါက သူ့အပေါ်မှာပဲ မူတည်တာပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီကမှ ဘာစီလိုနာ စီနီယာအသင်းကြီးအတွက် စတင် ကစားပေးခွင့် ရရှိရင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၅၀)အထိတောင် ပါဝင်ကစားခဲ့တဲ့ ယာမားလ်ဟာ အခုဆိုရင် စပိန်နဲ့ ယူရို ချန်ပီယံလည်း ဖြစ်ထားသလို ဘာလွန်းဒေါကနေ ချီးမြှင့်သွားမယ့် အကောင်းဆုံး လူငယ်ကစားသမားဆုကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံး ဖြစ်နေရပါတယ်။