တစ်ချိန်က ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ တိုက်စစ်မှူးကြီး ရာဒါမယ်လ်ဖယ်ကာအိုဟာ လက်ရှိမှာတော့ အာဆီယံ နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံဆီ လာရောက်ပြီး မလေးရှားလိဂ်မှာ သူရဲ့ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့ ရှိနေပါတယ်။

Photo Credit : We Ain’t Got No History

လက်ရှိမှာ အသက် (၃၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ကိုလံဘီယာ ကစားသမားကြီး ဖယ်ကာအိုဟာ စီနီယာ ကစားသမားဘဝကို အာဂျင်တီးနား ထိပ်သီးကလပ် ရေးဗားပလိတ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၀၉ခုနှစ်မှာတော့ ပေါ်တိုအသင်းဆီ ရောက်ရှိခဲ့ပါတယ်။ ပေါ်တိုမှာ အောင်မြင်ခဲ့တဲ့ ဖယ်ကာအိုဟာ အဲ့ဒီကနေတစ်ဆင့် အသက်လက်တီကိုမက်ဒရစ်ကို ရောက်ရှိသွားပြန်ပြီး လာလီဂါမှာ ရော်နယ်လ်ဒို မက်ဆီတို့နဲ့ အပြိုင်အဆိုင် ဂိုးတွေ သွင်းယူခဲ့ပါသေးတယ်။ ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဖယ်ကာအိုဟာ ၂၁၀၃မှာ မိုနာကိုအသင်းဆီ အမှတ်မထင် ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၄နှစ်အစပိုင်းလောက်မှာပဲ ACL injury ရရှိရင်း (၆)လလောက်အထိ နားလိုက်ရလို့ ၂၀၁၄ ကမ္ဘာ့ဖလားနဲ့ပါ လွဲချော်သွားခဲ့ရပါတယ်။

Photo Credit : Sky Sports

အဲ့ဒီနောက်မှာတော့ မန်ယူနိုက်တက် နဲ့ ချယ်လ်ဆီးအသင်းတွေဆီ အငှားနဲ့ လာရောက်ကစား ဖြစ်ပေမယ့် ဖယ်ကာအိုရဲ့ ခြေစွမ်းပိုင်းတွေက အားရစရာ အနေအထားမှာ ရှိမနေတော့ပဲ ၂၀၁၉မှာ ဂါလာတာစာရေးကို ရောက်ရှိခဲ့သလို ၂၀၂၁မှာတော့ လာလီဂါကလပ် ဗယ်လက်ကာနိုဆီ ထပ်မံ ရောက်ရှိခဲ့ပါတယ်။ လာမယ့် ဇွန်လမှာ ဗယ်လက်ကာနိုနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဖယ်ကာအိုဟာ ကစားသမားဘဝကို အဆုံးသတ်ဖို့ အစီအစဉ် မရှိသေးတဲ့အပြင် မလေးရှားလိဂ်မှာပါ သူရဲ့ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းသွားဖို့ ရှိနေကြောင်းကို အရိပ်အမြိုက် ထုတ်ဖော်လာခဲ့ပါတယ်။

Photo Credit : Marca

ဖယ်ကာအိုက Johor ပြည်နယ်ရဲ့ အိမ်ရှေ့မင်းသားလည်းဖြစ် Johor Darul Ta’zim F.C. အသင်းရဲ့ ပိုင်ရှင် နဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဆူလ်တန်အီဘရာဟင်နဲ့ တွေ့ဆုံသွားဖို့ ရှိနေကြောင်း သူရဲ့ တွစ်တာကနေ ဖော်ပြလာခဲ့ပြီးနောက် ဖယ်ကာအို နဲ့ JDT အသင်းတို့ ပူးပေါင်းသွားနိုင်ဖွယ် ရှိနေတယ်ဆိုပြီး သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ တကယ်လို့ ဒီအပြောင်းအရွှေ့သာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ JDT အသင်း သမိုင်းတစ်လျှောက် biggest signing ever ပါ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။