ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းကြီးဖြစ်သူ စပိန် တိုက်စစ်မှူးကြီး ရာအူးလ်ဂွန်ဇာလက်ဇ်ဟာ ကစားသမားဘဝကနေ အနားယူပြီးနောက်မှာ နည်းပြနယ်ပယ်ထဲကို တဖြည်းဖြည်း ဝင်ရောက်လာခဲ့ပြီး အခုဆိုရင် ရီးယဲလ်အရန်အသင်း နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး နောက်ဆုံး ကစားထားတဲ့ ပွဲစဉ်ပေါင်း (၁၂)ပွဲအထိ လုံးဝ ရှုံးပွဲမရှိအောင်ပါ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသက်(၄၅)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရာအူးလ်ဟာ ၁၉၉၂ခုနှစ်ကတည်းက ရီးယဲလ် လူငယ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ရီးယဲလ်အသင်းအတွက် စုစုပေါင်း (၇၄၁)ပွဲကစား (၃၂၃)ဂိုး သွင်းယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်နဲ့ လာလီဂါ အပါအဝင် ဆုဖလားများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ စပိန်လက်ရွေးစင်အသင်းနဲ့ပါ အောင်မြင်ခဲ့တဲ့ ရာအူးလ်ဟာ ၂၀၁၅ခုနှစ်မှာပဲ သူရဲ့ ဘောလုံးသမားဘဝကို အနားယူခဲ့ပြီး (၃)နှစ်အကြာမှာပဲ ရီးယဲလ် လူငယ်အသင်းကို စတင် ကိုင်တွယ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တစ်နှစ်အကြာမှာပဲ ရာအူးလ်က ရီးယဲလ် အရန်အသင်း နည်းပြအဖြစ်နဲ့ပါ ထပ်မံ ခန့်အပ်ခံလိုက်ရပါသေးတယ်။

Real Madrid legend Raul could replace Zinedine Zidane once French legend  departs | Football News

Photo Credit : Republic World

ရာအူးလ်ရဲ့ နည်းပြဘဝက တာထွက် အရမ်းမကောင်းထားသလို အသင်းကို ပွဲပေါင်း (၁၀၃)ပွဲအထိ ကိုင်တွယ်ပြီးချိန်မှာ သူရဲ့ နိုင်ပွဲရာခိုင်နှုန်းက (၄၂.၇၂)%သာ ရှိထားလို့ အားရစရာ သိပ်မကောင်းလှပေမယ့် ရီးယဲလ်လူငယ်အသင်းကို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်း UEFA Youth Cup ဗိုလ်စွဲနိုင်အောင် စွမ်းဆောင်ထားနိုင်ခဲ့တာနဲ့ အခု ရီးယဲလ် အရန်အသင်းကို ရက်တစ်ရာအတွင်း (၁၂)ပွဲဆက်တိုက်အထိ လုံးဝ ရှုံးပွဲမရှိအောင် လုပ်ဆောင်ထားခဲ့တာတွေကတော့ တကယ်ကို အထင်ကြီးစရာကောင်းပါတယ်။ ဒီလို အခြေအနေတွေကြောင့် ရီးယဲလ်အသင်းဘက်က အန်စလော့တီနဲ့ လက်တွဲဖြုတ်ရမယ့်အချိန်မှာ တခြား ထိပ်တန်း နည်းပြတစ်ဦးဦးနဲ့ ပြန်လည် အစားထိုးသွားဖို့ထက် ရာအူးလ်ကို နေရာပေးသွားဖို့သာ ပိုမို ဆန္ဒရှိလာခဲ့ပါတယ်။ အီတလီလူမျိုး ဝါရင့်နည်ပြကြီး ကားလို့အန်စလော့တီကတော့ ရီးယဲလ်နဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေတာဖြစ်လို့ လာမဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီမှာ ရီးယဲလ်နည်းပြအဖြစ် ရာအူးလ်ကို မြင်တွေ့လာရနိုင်ပါတယ်။ ယခင်ကတည်းက အသင်းရဲ့ ကစားသမားဟောင်း ဇီဒန်းကို နည်းပြအဖြစ် ခန့်အပ်ခဲ့ရင်း တခမ်းတနား အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ ရီးယဲလ်တို့ ဇီဒန်းရဲ့ အသင်းဖော်ဟောင်း ရာအူးလ်ကို နည်းပြအဖြစ် ခန့်အပ်လာခဲ့ရင်ရော ဇီဒန်းလိုပဲ အောင်မြင်လာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။