မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဗြိတိန် နာမည်ကျော် ဘီလျံနာကြီး ဆာဂျင်ရက်ကလစ်ဖ်က ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီနဒင်း ဇီဒန်းကို ယူနိုက်တက် နည်းပြသစ်အဖြစ် ခန့်အပ် တာဝန်ပေးသွားချင်နေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ရဲ့ INEOS အဖွဲ့က လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ ဘောလုံး အားကစားပိုင်းဆိုင်ရာကို တာဝန်ယူ ဆောင်ရွှက်နေပြီဖြစ်ရာ ဒီရာသီအကုန်မှာပဲ ကစားသမားတချို့နဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်တို့ရဲ့ အနာဂတ် အခြေအနေတွေကိုပါ တစ်ခါတည်း အဖြေထုတ်သွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Yardbaker

တန်ဟက်ဂ်က ယူနိုက်တက်ဆီ ရောက်ရောက်ချင်းနှစ်မှာ လိဂ်ဖလားနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တို့ကို ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ သူ့လက်ထက် အသင်းက ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကလည်း အတော်လေး ခက်ခဲသွားမယ့် အခြေအနေမှာ ရှိနေရပါတယ်။

ဒါကြောင့်လည်း ဆာဂျင်ရက်ကလစ်ဖ်တို့ရဲ့ INEOS အုပ်စုက တန်ဟက်ဂ်ကို အသင်းကနေ ထုတ်ပယ်ပြီး နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားဖို့ စီစဉ်လျက် ရှိလာခဲ့ကာ လတ်တလော ဆာဂျင်တို့က ရီးယဲလ်ကို ချန်ပီယံလိဂ်ဖလား (၃)ကြိမ်ဆက် ရယူပေးခဲ့တဲ့ ဇီဒန်းကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။

Photo Credit : The Sun

ရီးယဲလ်အသင်းကို (၂)ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့ဖူးပြီး တခြားဘယ်အသင်းတွေကိုမှ ကိုင်တွယ်ထားခြင်း မရှိတဲ့ ပြင်သစ် ဂန္တဝင် ကစားသမားဟောင်းကြီး ဇီဒန်းက ၂၀၂၁ခုနှစ် မေလနောက်ပိုင်းကတည်းကနေ အခုထိ အသင်းလက်မဲ့ နည်းပြတစ်ဦး ဖြစ်နေရပြီး သူ့ကိုလည်း ဥရောပ ကလပ်အသင်းများစွာက အလိုရှိနေကြပါတယ်။

အခုလည်း ဆာဂျင်ရက်ကလစ်ဖ်က ဇီဒန်းကို ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ဖို့ ပြင်ဆင်နေကြပြီး ဇီဒန်းကိုယ်တိုင်ကလည်း သူ့အနေနဲ့ မကြာခင်မှာပဲ ဘောလုံးနယ်ပယ်ထဲကို ပြန်လည် ခြေချတော့မယ်လို့ အသိပေး ထုတ်ပြောထားတာကြောင့် ဇီဒန်းကို ဘယ်အသင်းနည်းပြအဖြစ် ပြန်မြင်တွေ့ရမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။