ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ လက်ရှိ အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ခဲ့ရင် အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားကြောင်း အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ယူနိုက်တက် အတွက် ကာရာဘောင်းဖလား ရယူပေးခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ငွေတံဆိပ် ရအောင် ကြိုးစားပေးနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

တန်ဟက်ဂ်ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ရွှမ်းရွှမ်းဝေခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာ အဓိက ကစားသမားတွေ မကြာခဏ ဒဏ်ရာရရှိနေမှုကြောင့် တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ရလဒ် ဆိုးဝါးမှုတွေ ရှိနေပြီး ယူနိုက်တက်ဟာ ကာရာဘောင်းနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေကနေ အစောကြီး ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၆)နေရာ အထိ ရောက်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက ရာသီကုန်မှာသာ ဥရောပဝင်ခွင့် တနေရာ မရခဲ့ရင် တန်ဟက်ဂ်နဲ့ လမ်းခွဲဖို့ စဉ်းစားနေကြပြီး ယူနိုက်တက်ရဲ့ ပူးတွဲပိုင်ရှင်သစ် ရက်ကလစ်ဖ်က ယူနိုက်တက်ရဲ့ နည်းပြသစ်ကို ရွေးချယ်ခွင့် ရထားပါတယ်။

 

Photo Credit: Tribuna

နာမည်ကြီး အင်္ဂလန်ပြည်တွင်း သတင်းဌာနတွေ ဖြစ်ကြတဲ့ Daily Mail ၊ Daily Star ၊ Mirror စတဲ့ သတင်းဌာနတွေရဲ့ တညီတညွတ်ထဲ ဖော်ပြချက်တွေအရ ယူနိုက်တက်ပူးတွဲပိုင်ရှင် ရက်ကလစ်ဖ်က နည်းပြသစ် ခန့်အပ်ရမယ် ဆိုရင် လက်ရှိ အင်္ဂလန်နည်းပြချုပ် ဆောက်ဂိတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားပြီး ယူနိုက်တက်ဟာ ဆောက်ဂိတ်ကို နည်းပြသစ် အဖြစ် ခန့်ချင်ရင် ၂၀၂၄ ယူရိုပြိုင်ပွဲ ပြီးတဲ့ အထိ စောင့်ဆိုင်းရမယ်လို့ သိရပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလစ်စ် ခရော့ကလည်း ဆောက်ဂိတ်ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာဖို့ အခွင့်အလမ်း အများဆုံး နည်းပြဖြစ်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားသလို ဆောက်ဂိတ်ဟာ ယူနိုက်တက်လို ထိပ်သီးအသင်း တသင်းကို ကိုင်ခွင့်ရမယ် ဆိုရင် အင်္ဂလန်နည်းပြရာထူးကို စွန့်လွှတ်ဖို့ ပြင်ဆင်ထားကြောင်း ဆိုထားပါတယ်။