မကြာခင်မှာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ရာခိုင်နှုန်းကို ပိုင်ဆိုင်တော့မယ့် ဗြိတိန်ဘီလီယံနာ ရက်ကလစ်ဖ်က လက်ရှိ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကိုသာ ရာထူးကနေ ထုတ်ပယ်ရမယ် ဆိုရင် ဗြိတိန်လူမျိုး နည်းပြတဦး ဖြစ်သူ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ကူးရှိနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသက် ၅၃နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်ကို ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ ခေါ်ယူထားတာ ဖြစ်ပြီး တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ယူနိုက်တက်က ကာရာဘောင်း ဆုဖလား တလုံး ရရှိထားပါတယ်။

Photo Credit: Football Transfer

တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ကို ကာရာဘောင်းချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာရ ကစားသမား များပြားနေမှုကြောင့် တန်ဟက်ဂ်ရဲ့ ယူနိုက်တက်က ကာရာဘောာင်းနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတွေ ကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၄)အတွင်း ဝင်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဒါ့အပြင် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ စီနီယာ ကစားသမားတွေနဲ့ ဆက်ဆံရေး မကျေလည်မှုတွေ ရှိနေပြီး ရလဒ်တွေ ဆိုးဝါးနေမှု ၊ ကစားသမားတွေနဲ့ ဆက်ဆံရေး အဆင်မပြေမှုတို့ကြောင့် ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေကြပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ အဲလက်စ် ခရော့ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ ရှယ်ယာရှင်အသစ် ဆာ ဂျင် ရက်ကလစ်ဖ်က အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ မစဉ်းစားသေးပေမယ့် အကယ်၍ တန်ဟက်ဂ်ကိုသာ ရာထူးကနေ ထုတ်ပယ်ရမယ် ဆိုရင် သူနဲ့ ဆက်ဆံရေး အဆင်ပြေတဲ့ ဗြိတိန်လူမျိုးနည်းပြ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်း သိရပါတယ်။

နာမည်ကြီးသတင်းဌာန တခု ဖြစ်တဲ့ The Sunကလည်း ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ ယခုတပတ်မှာ ကစားမယ့် လီဗာပူးနဲ့ ပွဲစဉ်မှာသာ ရလဒ် ထပ်ဆိုးခဲ့မယ် ဆိုရင် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် ဆွေးနွေးတော့မှာ ဖြစ်ပြီး တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖြစ်ရင် ဂရေဟမ် ပေါ်တာကို နည်းပြသစ် ခန့်အပ်ဖို့ပါ စဉ်းစားထားကြောင်း ဖော်ပြထားပါသေးတယ်။