မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကတော့ ဒီဆောင်းဈေးကွက်အတွင်းမှာပဲ သူအပြောင်းရွှေ့ချင်းဆုံး ကလပ်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့အတွက် သူရဲ့ တစ်ပတ်လုပ်ခကိုပါ လျှော့ယူသွားဖို့အထိ ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။
အသက်(၂၇)နှစ်အရွယ် ယူနိုက်တက် အကယ်ဒမီထွက် ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ လက်ရှိ ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်လက်ထက်မှာ ပွဲကစားခွင့်တွေ ဆက်တိုက် ပျောက်ဆုံးနေရပြီး မန်ချက်စတာဒါဘီ ပွဲစဉ်ကတည်းက အသင်းကစားသမားစာရင်းကနေ တောက်လျှောက် ချန်လှပ်ခံထားခဲ့ရပါတယ်။
Photo Credit : United in Focus
အသင်းမှာ တောက်လျှောက် ချန်လှပ်ခံရနေရတဲ့ ရပ်ရှ်ဖို့ဒ်ကို အသင်းကနေ ရှင်းထုတ်သွားဖို့အထိ စီစဉ်လာခဲ့ပြီး ရပ်ရှ်ဖို့ဒ်ကိုလည်း အေစီမီလန် ဘာစီလိုနာ ဒေါ့မွန်တို့က ကစားသမား အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လာပြီး လက်ရှိမှာတော့ မီလန်က ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ လက်လျှော့သွားခဲ့ပေမယ့် ဘာစီလိုနာနဲ့ ဒေါ့မွန်တို့ကတော့ ဆက်လက် စိတ်ဝင်စားနေဆဲ ရှိနေပါတယ်။
ရပ်ရှ်ဖို့ဒ်ကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပြီး ဘာစီလိုနာဘက်မှာကလည်း ဘဏ္ဍာရေး ပြဿနာတွေ ရှိနေတာဖြစ်လို့ အသင်းကနေ ခရစ္စတန်ဆန် ဖာတီနဲ့ အဲရစ် ဂါဆီယာတို့ထဲက တစ်ဦးဦးကို မရောင်းထုတ်ဘဲ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူဖို့ မလွယ်ကူတာကြောင့် ဒီအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က ခက်ခဲနေရပါတယ်။
Photo Credit : Football365
ဒါပေမယ့် တကယ်လို့ ယူနိုက်တက်နဲ့ ဘာစီလိုနာအသင်းတို့ကြားမှာ အငှားအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သဘောတူညီမှု ရရှိခဲ့မယ်ဆိုရင် ရပ်ရှ်ဖို့ဒ်က အပြောင်းအရွှေ့ကို အဆင်ပြေပြေ ဖြစ်လာစေဖို့အတွက် ယူနိုက်တက်မှာ တစ်ပတ်ရရှိနေတဲ့ လုပ်ခ ပေါင်(၃)သိန်းကနေ လျှော့ယူပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ဆက်စပ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ ယူနိုက်တက်ကလည်း ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့်တွေ ပျောက်ဆုံးနေရတဲ့ စပိန် လူငယ် တိုက်စစ်ကစားသမား အန်ဆူ ဖာတီကို အငှားစာချုပ်နဲ့ ပြန်လည် ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပြီး ချယ်လ်ဆီးက တိုက်စစ်မှူး အန်ကွန်ကူကိုလည်း အငှားနဲ့ ခေါ်ယူသွားဖို့ ချိန်ရွယ်လို့နေပါတယ်။