မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ကတော့ လက်ရှိမှာ အသင်းနဲ့အတူ ပြုံးပြုံးရွှင်ရွှင်နဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေ ပြန်လည် လုပ်ဆောင်လို့နေပြီ ဖြစ်ပေမယ့်လည်း ဒီဈေးကွက်ထဲ ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့သွားချင်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ယူနိုက်တက် အကယ်ဒမီထွက် အသက်(၂၇)နှစ်အရွယ် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်လက်ထက်မှာ ကစားသမားစာရင်းကနေ ဆက်တိုက် ချန်လှပ်ခံခဲ့ရတဲ့အပြင် အသင်းဘက်ကလည်း သူ့ကို အခု ဈေးကွက်အတွင်းမှာပဲ ရှင်းထုတ်သွားဖို့ စီစဉ်လာခဲ့သလို အသင်းတချို့ကလည်း ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူချင်လာပါတယ်။
Photo Credit : Goal
၂၀၁၅ကတည်းကနေ ယူနိုက်တက်အတွက် ကစားခွင့်ရလာခဲ့တဲ့ ရပ်ရှ်ဖို့ဒ်က သူရဲ့ ခြေစွမ်းပိုင်း တသမတ်တည်း မရှိခြင်းနဲ့ ဘောလုံးကွင်းပြင်ပ နေထိုင်မှုပုံစံတွေကလည်း နည်းပြအမော်ရင်အတွက် စိတ်ပျက်စရာတွေ ဖြစ်နေပါတယ်။ ဒါ့အပြင် မန်ချက်စတာဒါဘီပွဲ ချန်လှပ်ခံရပြီးနောက်ပိုင်းမှာလည်း ရပ်ရှ်ဖို့ဒ်က အင်တာဗျူးတစ်ခုမှာပါ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်သွားချင်တယ်လို့ပါ ပြောဆိုခဲ့ပါသေးတယ်။
အခုဆိုရင် ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ကစားမပေးရတာ (၉)ပွဲအထိတောင် ရှိနေပြီဖြစ်ပြီး (၆)ပွဲမှာ အမော်ရင်က ချန်လှပ်ခဲ့တာဖြစ်ပြီး နယူးကာဆယ်နဲ့ပွဲမှာတော့ အရန်စာရင်းထဲ ပါဝင်ခဲ့ပေမယ့် လီဗာပူးလ် အာဆင်နယ် (၂)ပွဲဆက်တိုက်မှာတော့ အဖျားဝေဒနာကြောင့် လွဲချော်ခဲ့တာပဲ ဖြစ်ပါတယ်။
Photo Credit : United in Focus
ဒီလို ပွဲတွေ ဆက်တိုက် လွဲချော်နေစဉ်အတွင်းမှာပဲ ရပ်ရှ်ဖို့ဒ်ရဲ့ အေးဂျင့်က အေစီမီလန် ဒေါ့မွန် ဘာစီလိုနာတို့လို အသင်းတွေနဲ့ ဆက်တိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပြီး လက်ရှိမှာတော့ ဘာစီလိုနာနဲ့ ဒေါ့မွန်တို့လောက်သာ ရပ်ရှ်ဖို့ဒ်ကို အငှားနဲ့ ခေါ်ယူချင်နေကြပေမယ့် ဒီအသင်းတွေဘက်ကနေ စဉ်းစားစရာတွေလည်း အသီးသီး ရှိနေကြသလို ရပ်ရှ်ဖို့ဒ်ရဲ့ လုပ်ခလစာကလည်း အခက်အခဲတစ်ခုလို ဖြစ်နေရပါတယ်။
အခုတော့ ရပ်ရှ်ဖို့ဒ်က ယူနိုက်တက်အတွက် ပြန်ကစားပေးချင်နေတယ်လို့ သတင်းတွေ ထွက်လာသလို အသင်းလိုက် training session မှာလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ လေ့ကျင့်ခန်းဆင်းနေပါတယ်။ ဒါပေမယ့်လည်း ရပ်ရှ်ဖို့ဒ်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့ မျှော်လင့်နေဆဲဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်လာမလာကလည်း ဒီဈေးကွက် နောက်ဆုံးရက်အထိ စောင့်ကြည့်ရပါတော့မယ်။