ဘာစီလိုနာအသင်းရဲ့ ကစားသမားသစ် မားကပ်စ် ရပ်ရှ်ဖို့ဒ်က မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ရတဲ့ အကြောင်းရင်းနဲ့ အသင်းဖော်သစ်ဖြစ်သူ လူငယ်ကြယ်ပွင့် လာမင်း ယာမယ်လ်နဲ့အတူ တွဲဖက်ကစားရတဲ့ ခံစားချက်တွေကို ဖွင့်ဟပြောကြားလိုက်ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်မှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီးနောက် ဘာစီလိုနာအသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ သူဟာ နည်းပြရူဘင် အမိုရင်ရဲ့ လက်အောက်မှာ မျက်နှာသာပေးမှု မရတော့ဘဲ ပြီးခဲ့တဲ့ရာသီ ဒုတိယပိုင်းကို အက်စတွန် ဗီလာအသင်းမှာ အငှားသွားကစားခဲ့ပေမယ့် အပြီးသတ်ပြောင်းရွှေ့ခွင့်တော့ မရခဲ့ပါဘူး။ အခုအခါမှာတော့ သူဟာ ကာတာလိုနီးယားမြေမှာ သူ့ရဲ့ကစားသမားဘဝကို ပြန်လည်တောက်လောင်စေဖို့ မျှော်လင့်နေပြီး ဘာစီလိုနာအသင်းမှာ ရာသီကုန်ရင် သူ့ကို အပြီးသတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးလည်း ရှိနေပါတယ်။

Photo Credit : TEAMtalk

ဘာစီလိုနာအသင်းမှာ လီဝန်ဒေါစကီး၊ လာမင်း ယာမယ်လ်၊ ရာဖင်ဟာနဲ့ ဖာရန် တောရက်စ်တို့လို ကစားသမားကောင်းတွေ ရှိနေတာကြောင့် ရပ်ရှ်ဖို့ဒ်အတွက် ပွဲကစားခွင့်ရဖို့ ပြိုင်ဆိုင်မှု ပြင်းထန်မှာဖြစ်ပေမယ့် သူကတော့ ဒီစိန်ခေါ်မှုကို ကျော်လွှားနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ အင်္ဂလန်တိုက်စစ်မှူးက သူဟာ ပျော်ရွှင်မှုကို ရှာဖွေဖို့ အသင်းပြောင်းခဲ့တာဖြစ်ပြီး ဘာစီလိုနာဟာ ဘောလုံးကစားရတာကို ပျော်မွေ့ဖို့ ကမ္ဘာပေါ်မှာ အကောင်းဆုံးနေရာဖြစ်တယ်လို့ ဆိုပါတယ်။

သူက Sport သတင်းဌာနကို “ကျွန်တော့်ရဲ့ အကောင်းဆုံးခြေစွမ်းကိုပြသနိုင်ဖို့ ပျော်ရွှင်နေဖို့ လိုအပ်ပါတယ်။ ဘောလုံးဆိုတာ ကျွန်တော့်ဘဝပါပဲ။ ငယ်ငယ်လေးကတည်းက ဒါပဲသိခဲ့တာ။ ဒါကြောင့် ဘောလုံးကစားတဲ့အခါ ပျော်ရွှင်နေဖို့က အမြဲတမ်းကောင်းပါတယ်။ အစကတည်းက ဒီအကြောင်းပြချက်ကြောင့်ပဲ ကျွန်တော် ဘောလုံးသမားဖြစ်လာခဲ့တာပါ။ အစကတည်းက ကျွန်တော် ဒီမှာ သက်တောင့်သက်သာရှိတယ်လို့ ခံစားမိပါတယ်။ ပွဲတွေပိုကစားလာတာနဲ့အမျှ ပိုပြီးသင်ယူနိုင်မှာပါ။ ဘာကာဟာ ဘောလုံးပညာကို သင်ယူဖို့နဲ့ ပျော်ရွှင်ဖို့ အလွယ်ကူဆုံးနေရာပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Football365

အဲ့ဒီနောက် ရပ်ရှ်ဖို့ဒ်က သူ့ရဲ့အသင်းဖော်သစ် လူငယ်ကြယ်ပွင့် လာမင်း ယာမယ်လ်ကို ချီးကျူးခဲ့ပြီး Ballon d’Or ဆုကို သေချာပေါက် ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။ “ဟုတ်ကဲ့ သေချာပေါက်ပါပဲ။ သူ ဒီနှစ်မရရင်တောင် အနာဂတ်မှာ ရမှာပါ။ လာမင်းက အရမ်းငယ်သေးတော့ သူသေချာပေါက် ရမှာပါ။ သူက ထိပ်တန်းအရည်အချင်းရှိသူ ထိပ်တန်းကစားသမားတစ်ယောက်ပါ။ အံ့သြစရာအကောင်းဆုံးက သူ့အသက်အရွယ်နဲ့ မလိုက်အောင် ရင့်ကျက်နေတာပါပဲ။ သူတွေးခေါ်ပုံနဲ့ ကစားပုံက သူ့အသက်ထက် အများကြီးသာလွန်နေပါတယ်။”

“သူနဲ့အတူ တွဲကစားရတာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကျွန်တော်က ပတ်ဝန်းကျင်အသစ် စည်းချက်အသစ်နဲ့ ဘောလုံးပုံစံအသစ်ကို အသားကျအောင် ကြိုးစားနေတာဖြစ်ပြီး အဲ့ဒီလိုလုပ်ဖို့ အကောင်းဆုံးနေရာက ကစားကွင်းထဲမှာပါပဲ။ ကျွန်တော် အမှားတွေလုပ်မိမှာဖြစ်ပေမယ့် အများကြီးသင်ယူပြီး တိုးတက်လာမှာပါ။ ကစားသမားတွေရဲ့ အရည်အသွေးက အများကြီး အထောက်အကူပြုပါတယ်။” လို့ သူက ဆိုပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ မာယော့ကာနဲ့ပွဲမှာ ဘာစီလိုနာအတွက် လာလီဂါပွဲဦးထွက်ကို လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပြီး လာမယ့်စနေနေ့ လီဗန်တေးနဲ့ အဝေးကွင်းပွဲစဉ်မှာတော့ ပွဲကစားချိန် ပိုမိုရရှိဖို့ မျှော်လင့်နေပါတယ်။