ဘာစီလိုနာနည်းပြသစ် ဟန်ဆီ ဖလစ်ခ်က အသင်းရဲ့ ဘယ်တောင်ပံနေရာအတွက် ခေါ်ယူချင်နေတဲ့ ကစားသမားစာရင်းထဲမှာ မန်ချက်စတာ ယူနိုက်တက်က မားကပ်စ် ရပ်ရှ်ဖို့ဒ်ပါ ပါဝင်နေခဲ့တယ်လို့ စပိန် အခြေစိုက် GOL TV ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဒီနွေအတွက် စပိန်လက်ရွေးစင်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နီကို ဝီလီယံစ်နဲ့ ဒါနီ အော်လ်မိုတို့ကို အဓိကပစ်မှတ်တွေအဖြစ် သတ်မှတ်ထားခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိ အချိန်အထိကတော့ အကယ်ဒမီ ကစားသမားဟောင်း အော်လ်မိုတစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်ခဲ့ပါတယ်။
Photo Credit : Youtube
ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲတုန်းက စပိန်အသင်းရဲ့ တောင်ပံနှစ်ဖက်မှာ အထူး ခြေစွမ်းပြခဲ့တဲ့ ယာမဲလ်နဲ့ ဝီလီယံစ် အတွဲအဖက်ကို ဘာစီလိုနာအသင်းမှာပါ မြင်တွေ့ရဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း ဒီဈေးကွက်ထဲမှာ ခေါ်ယူနိုင်ဖို့က မလွယ်ကူတော့တဲ့အတွက် ဘာစီလိုနာက နောက်ထပ် ပစ်မှတ်တွေကိုသာ ချိန်ရွယ်လာခဲ့ပါတယ်။
နီကို ဝီလီယံစ်လို ကစားသမားမျိုးကို မခေါ်ယူနိုင်ခဲ့တဲ့ ဘာစီလိုနာကို ဒီကစားသမားထက်တောင် တန်ကြေး ပိုမြင့်မားနိုင်မယ့် အေစီမီလန်က ပေါ်တူဂီ တောင်ပံကစားသမား ရာဖယ်လ် လီယာအိုကိုပါ ပစ်မှတ်ထားခဲ့သေးပြီး ဒီကစားသမားရဲ့ လက်ရှိ တန်ကြေးဆိုရင် ယူရို သန်း(၉၀)လောက်အထိ ရှိနေပါလိမ့်မယ်။
Photo Credit : Football Transfer
တကယ်တော့ အသင်းရဲ့ ဘယ်တောင်ပံနေရာအတွက် ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်ကိုယ်တိုင် စိတ်ဝင်စားနေတဲ့ ကစားသမားစာရင်းထဲမှာ သူနဲ့ ဘိုင်ယန်မှာ လက်တွဲခဲ့ဖူးတဲ့ ကင်စလေ ကိုးမန်းအပြင် ယူနိုက်တက်ရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်လည်း အံ့အားသင့်စဖွယ် ပါဝင်လို့နေပါတယ်။
ဒါပေမယ့် ရပ်ရှ်ဖို့ဒ်ကို မန်ယူနိုက်တက်အသင်းက လုံးဝ ရောင်းချသွားဖို့ စိတ်ကူးမရှိတဲ့အပြင် ရောင်းချမယ်ဆိုရင်လည်း ယူရို သန်း(၆၀)အထက်လောက်အထိ တောင်းဆိုတာတွေပါ လုပ်ဆောင်လာနိုင်ပါတယ်။ ဒါကြောင့် ဘာစီလိုနာအနေနဲ့ ဘိုင်ယန်ကနေ ကိုးမန်းကို အငှား ခေါ်ယူမှု လုပ်ဆောင်ဖို့ ဒါမှမဟုတ် ဂျုဗင်တပ်စ်ကနေ ထွက်ခွာရတော့မယ့် အီတလီ တောင်ပံကစားသမား ဖရက်ဒရစ်ကို ခီယေဆာကိုပဲ ယူရို (၁၅)သန်းလောက် အသုံးပြုပြီး ခေါ်ယူဖို့သာ လုပ်ဆောင်ရပါတော့မယ်။