မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ သိပ်မကြာသေးခင်တုန်းက သတင်းမီဒီယာတွေကနေ ဖော်ပြလာတဲ့ သူ့သတင်းတွေထဲမှာ အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့အတွက် ယူနိုက်တက်ဆီကနေ မြင့်မားတဲ့ လစာတစ်ရပ်ကို တောင်းဆိုထားတယ်ဆိုပြီး ဖော်ပြထားချက်တွေအပေါ် စိတ်ပျက်လျက် ရှိနေတယ်လို့ သိရပါတယ်။
Photo Credit : The Mirror
အသက(၂၅)နှစ်အရွယ် အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟက်ဂ် လက်အောက်မှာ အကောင်းဆုံး ပြန်လည် တောက်ပလို့နေပြီး စာချုပ်ပါ option အရ အသင်းနဲ့လည်း ၂၀၂၄ခုနှစ်အထိ သက်တမ်းထိုးထားပါသေးတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်ကို ယူနိုက်တက်ဘက်က နောက်ထပ် စာချုပ်သစ်တွေ ထပ်မံ ချုပ်ဆိုသွားချင်နေတာကြောင့် ဆက်လက် ဆွေးနွေးနေဆဲအချိန်မှာ ရပ်ရှ်ဖို့ဒ်အနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးဖို့ မြင့်မားတဲ့ ပမာဏတွေ တောင်းဆိုထားတယ်ဆိုပြီး သတင်းတွေက ဖော်ပြလာခြင်းအပေါ် ရပ်ရှ်ဖို့ဒ်က စိတ်ပျက်နေရပါတယ်။
Photo Credit : The Athletic
နာမည်ကျော် ဘောလုံးဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်ထဲမှာတော့ ရပ်ရှ်ဖို့ဒ်က ဒီရာသီအတွင်း အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်း တိုးတတ် ကောင်းမွန်လာမှုအပေါ် အားရ ကျေနပ်နေသလို အသင်းက လမ်းကြောင်းမှန်ပေါ်မှာ ရောက်နေပြီလို့ပါ ခံစားနေရပြီး နည်းပြ တန်ဟက်ဂ် လက်အောက်မှာ ကစားရတာကိုလည်း ပျော်ရွှင်နေတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ လုံးဝကို ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
Photo Credit : Sporting News
ဒီအခြေအနေမှာ ရပ်ရှ်ဖို့ဒ်အနေနဲ့ အသင်းနဲ့ အဆင်ပြေပြေ ရှေ့ဆက်နိုင်ဖို့အတွက်ကိုသာ ရှေးရှုသွားမှာဖြစ်ပြီး စာချုပ်သက်တမ်းလည်း သေချာပေါက် တိုးမြှင့်သွားဖွယ်သာ ရှိနေပါတယ်။ ဒါပေမယ့် ရပ်ရှ်ဖို့ဒ်က အဲဗာတန်နဲ့ပွဲစဉ်မှာ ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဒီကြားရက်ထဲ ဆီဗီလာအသင်းနဲ့ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို သေချာပေါက် လွဲချော်ရနိုင်တာကြောင့် ယူနိုက်တက်က တိုက်စစ်မှာ မာရှယ် အန်တိုနီနဲ့ ဆန်ချိုတို့ကို သုံးစွဲလာရနိုင်ပါတယ်။