မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား မားကပ်စ်ရပ်ရှ်ဖို့ဒ်ဟာ ဝုလ်ဗ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ သူရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဆိုပေမယ့်လည်း ဒီပွဲရဲ့ ပွဲထွက်လူစာရင်းထဲ မပါဝင်လာရခြင်းက သူ အအိပ်လွန်ပြီး အသင်းအစည်းအဝေးကို နောက်ကျမိခဲ့တာကြောင့် ဖြစ်တယ်လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Sports Illustrated

၂၀၂၂ကမ္ဘာ့ဖလားအပြီး ပြန်လည် ယှဉ်ပြိုင်နေရတဲ့ ပွဲစဉ်တွေအတွင်း ယူနိုက်တက်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ဝုလ်ဗ်နဲ့ ယူနိုက်တက်တို့ရဲ့ ပရိးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းမှာ အံ့အားသင့်စရာ ချန်လှပ်ခံခဲ့ရပြီး အရန်စာရင်းမှာပဲ ပါဝင်လာခဲ့ရပါတယ်။ ဒုတိယပိုင်း ပြန်စချိန်မှသာ အသင်းအတွက် စတင် ကစားခဲ့ရတဲ့ ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် လိုအပ်နေတဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး အသင်းကိုလည်း အဆင့်(၄)နေရာထိ ပြန်လည် ပို့ဆောင်နိုင်ခဲ့သလို နည်းပြတန်ဟက်ဂ်က သူ့ကို လူစာရင်းကနေ ချန်လှပ်ထားတာကလည်း သူရဲ့ စည်းကမ်းပိုင်းဆိုင်ရာ ပျက်ကွယ်မှုကြောင့်သာ ဖြစ်တယ်လို့ ရှင်းလင်းသွားခဲ့ပါတယ်။

Photo Credit : talkSPORT

ရပ်ရှ်ဖို့ဒ်က “ကျွန်တော် အအိပ်လွန်ပြီး အစည်းအဝေးအတွက် နည်းနည်း နောက်ကျသွားပါတယ်။ ဒါက အသင်းရဲ့ စည်းကမ်းချက်ပါ။ ဒါဟာ ဖြစ်ပေါ်လာနိုင်တဲ့ အမှားတစ်ခုပါ။ ဒါပေမယ့် အသင်းအတွက် မကစားရလို့ ကျွန်တော် စိတ်ပျက်မိတယ်။ နည်းပြရဲ့ ဆုံးဖြတ်ချက်ကိုတော့ နားလည်နိုင်သလို ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ နိုင်ပွဲရခဲ့လို့ ပျော်ရွှင်ရတယ်။ အခြေအနေဆိုးတွေကနေ ကျော်လွန်နိုင်အောင် စွမ်းဆောင်ခဲ့ပြီး ရှေ့ဆက်နိုင်နေပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်လည်း ပုံစံကောင်း ရရှိနေပြီးတော့ အသင်းရဲ့ တိုးတတ်နေတဲ့ ပုံစံကိုလည်း ကျေနပ်မိပါတယ်။ အရင်တုန်းကဆိုရင် ဒီလိုပွဲမျိုးမှာ ကျွန်တော်တို့တွေ အလွယ်တကူ ရှုံးသွားနိုင်သလို သရေကျတာမျိုးပါ ဖြစ်သွားနိုင်တယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ကလပ်အသင်းပွဲတွေ ပြန်လည် စတင် ယှဉ်ပြိုင်ကတည်းက အသင်းအတွက် (၃)ပွဲဆက်တိုက်အထိ ဂိုးတွေ သွင်းယူနိုင်ခဲ့ပြီး အခုဆိုရင်ပဲ သူရဲ့ ဒီရာသီ ပြိုင်ပွဲစုံ စုစုပေါင်း သွင်းဂိုးအရေအတွက်က (၁၁)ဂိုးအထိပင် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။