မကြာသေးမီကမှ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်က ယူနိုက်တက်ရဲ့ နည်းပြချုပ် တန်ဟက်ဂ်သာ အသင်းဆီ ရောက်မလာခဲ့ရင် မန်ချက်စတာ ယူနိုက်တက် ကနေ ထွက်ခွာသွားနိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား မားကပ် ရက်ဖို့ဒ်က နည်းပြ တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်ကစားသမား အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ရက်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Off the Ball

သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အကယ်ဒမီထွက် ကြယ်ပွင့် တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ လုပ်ခလစာမြင့် ကမ်းလှမ်းမှု တရပ် လုပ်ခဲ့သလို ရက်ဖို့ဒ်ကလည်း လက်ရှိနည်းပြ တန်ဟက်ဂ်ကို ယုံကြည်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့ပါတယ်။

ရက်ဖို့ဒ် တယောက် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သစ် မချုပ်ခင်မှာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီက ရက်ဖို့ဒ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့သေးပေမယ့် ရက်ဖို့ဒ်ကတော့ တန်ဟက်ဂ်နဲ့ အသင်းဖော်တွေကို ယုံကြည်တာကြောင့် မန်ချက်စတာ ယူနိုက်တက်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Mirror

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း ရက်ဖို့ဒ်က သူဟာ မန်ချက်စတာ ယူနိုက်တက်ကို စွန့်ခွာသွားဖို့ စဉ်းစားဖူးကြောင်းနဲ့ တန်ဟက်ဂ်ကို ယုံကြည်တာကြောင့် မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ရက်ဖို့ဒ်က – “နည်းပြကြီး (တန်ဟက်ဂ်) ရောက်မလာခင်က ယူနိုက်တက်ကို စွန့်ခွာဖို့ စဉ်းစားဖူးပါတယ်။ ဘောလုံးလောကမှာ ဒီလိုမျိုး စဉ်းစားမိတဲ့ အခိုက်အတန့်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ဖြစ်ပျက်သမျှ အရာရာတိုင်းမှာ အကြောင်းအရင်းတွေ ရှိတယ် ဆိုတဲ့ စကားအတိုင်းပဲ နည်းပြကြီးက အသင်းဆီ အချိန်ကိုက် ရောက်လာခဲ့ပါတယ်။ သူက မှန်ကန်တဲ့ အချိန်တခုမှာ အသင်းဆီ ရောက်လာခဲ့သလို သူ့ကြောင့်ပဲ ကျွန်တော်က အသင်းမှာ ဆက်ကစားဖို့ ရွေးချယ်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။