မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်နည်းပြဟောင်း ဂျိုဆေး မော်ရင်ဟိုနဲ့ ဖုန်းပြောဆိုမှုအပြီးမှာပဲ တူရကီကလပ် ဖီနာဘာချီအသင်းဆီကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုပေးခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပါတယ်။
တူရကီအားကစားသတင်းဌာန Fotomac ရဲ့ ဖော်ပြချက်အရ ရပ်ရှ်ဖို့ဒ်ဟာ မော်ရင်ဟိုနဲ့ ဖုန်းပေါ်မှာ စကားပြောဆိုခဲ့ပြီးနောက် ဖီနာဘာချီဆီ ပြောင်းရွှေ့ဖို့ မီးစိမ်းပြခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ စပယ်ရှယ်ဝမ်းနည်းပြကြီးရဲ့ လက်အောက်မှာ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အတွင်း အိုးထရက်ဖို့ဒ်နဲ့ အတူတကွ လက်တွဲခဲ့ဖူးပြီး အဲ့ဒီကာလအတွင်း ပြိုင်ပွဲစုံ (၁၂၅)ပွဲမှာ (၂၈)ဂိုး သွင်းယူပေးခဲ့ပါတယ်။
Photo Credit : The Sporting News
ရပ်ရှ်ဖို့ဒ်ဟာ အခုနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ တက်ကြွစွာ ကြိုးစားနေတဲ့ ယူနိုက်တက်ကစားသမား (၅)ဦးထဲကမှ တစ်ဦးလည်း ဖြစ်ပါတယ်။ အသက်(၂၇)နှစ်အရွယ် ကစားသမားဟာ လက်ရှိနည်းပြ ရူဘင် အာမိုရင်နဲ့ အဆင်မပြေဖြစ်ပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီလက အက်စတွန် ဗီလာအသင်းဆီ အငှားထွက်ကစားခဲ့ရပြီး အသင်းသစ်တစ်သင်းကို ရှာဖွေနေသူ ဖြစ်ပါတယ်။
သတင်းများအရ သူကိုယ်တိုင်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့လိုသည်ဟု ဆိုသော်လည်း အခုအခါ ယူနိုက်တက်အသင်းဟာ ဖီနာဘာချီထံမှ အငှားနဲ့ခေါ်ယူပြီး အပြီးသတ်ဝယ်ယူခွင့်ပါဝင်မယ့် ကမ်းလှမ်းမှုတစ်ခုကို လက်ခံရရှိဖို့ နီးစပ်နေပြီဖြစ်ကာ နှစ်သင်းကြား ဆွေးနွေးမှုများကို အခုရက်သတ္တပတ်နှောင်းပိုင်းမှာပဲ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
Photo Credit : Goal
ဖီနာဘာချီအသင်းဟာ နည်းပြကြီး မော်ရင်ဟိုကို ပြီးခဲ့တဲ့နှစ်က နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြည်တွင်းလိဂ်မှာ ဒုတိယနေရာဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။ သူတို့ဟာ အခုနွေရာသီမှာ နာမည်ကြီးကစားသမားများနဲ့ ဆက်တိုက်သတင်းထွက်နေပြီး ဆိုဖီယန် အမ်ရာဘတ်ကို အပြီးသတ် ခေါ်ယူထားသလို ဂျွန် ဒူရန်ကိုလည်း အငှားနဲ့ ခေါ်ယူထားပြီး ဖြစ်ပါတယ်။
ရပ်ရှ်ဖို့ဒ်ဟယ အပြောင်းအရွှေ့အတွက် အချိန်ပိုရထားသော်လည်း ယူနိုက်တက်အသင်းရဲ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်ဆီကျု ပြန်လည်ရောက်ရှိနေပြီး လက်ရှိမှာတော့ တစ်ဦးတည်း သီးသန့်လေ့ကျင့်ခန်းဆင်းနေပါတယ်။ ရပ်ရှ်ဖို့ဒ်ရဲ့ ကျောနံပါတ် (၁၀)ကို ဒီနွေမှာ အသင်းဆီ ရောက်လာခဲ့တဲ့ မားတီးယပ်စ် ကူညာက ပြောင်းလဲဝတ်ဆင်ရပြီ ဖြစ်တာကြောင့် အိုးထရက်ဖို့ဒ်မှာ သူ့အတွက် အနာဂတ်မရှိတော့သည်မှာ သေချာသလောက် ဖြစ်နေပြီလို့ ဆိုရပါမယ်။