ဘာစီလိုနာရဲ့ ဆယ်ကျော်သက် ညာတောင်ပံကစားသမားလေး လာမင်း ယာမားလ်က လာမယ့် အနာဂတ်မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုဖြစ်တဲ့ ဘာလွန်းဒေါဆုကို အနည်းဆုံး (၃)ကြိမ်လောက်အထိ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ဘာစီလိုနာအသင်းဖော် ရာဖင်ဟာက ခန့်မှန်း ပြောကြားလိုက်ပါတယ်။
အသက်(၁၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် စပိန်ကစားသမားလေးဟာ အခုဆိုရင်တော့ ဘာစီလိုနာအတွက်သာမက စပိန်လက်ရွေးစင်အသင်းအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် နှစ်အနည်းငယ်အတွင်းမှာပဲ အကောင်းဆုံး တောက်ပလာနိုင်ခဲ့ပါတယ်။
Photo Credit : FC Barcelona
အသက်ငယ်ငယ်လေးနဲ့ ဘာစီလိုနာ စီနီယာအသင်းမှာ ကစားခွင့်ရလာခဲ့သူ ယာမားလ်ဟာ အခုလည်း (၁၇)နှစ်သာ ရှိနေသေးပေမယ့်လည်း ဘာစီလိုနာနဲ့ လာလီဂါဖလား စပိန်စူပါဖလားတို့အပြင် စပိန်နဲ့လည်း ယူရိုဖလားကိုပါ ပိုင်ဆိုင်ခဲ့သေးပြီး ၂၀၂၄ရဲ့ Golden Boy ဆုနဲ့ Kopa Trophy တို့လို အထင်ကရ တစ်ဦးချင်းတွေကို ဆွတ်ခူးခဲ့ပါတယ်။
ဒီချာတိတ်လေးက ၂၀၂၄ ဘာလွန်းဒေါစာရင်းမှာလည်း အဆင့်(၈)ထိ ရောက်ရှိခဲ့တဲ့ ယာမားလ်ကို သူ့အသင်းဖော်တွေနဲ့ ဘောလုံးအသိုင်းအဝိုင်းက အနာဂတ်ရဲ့ ဘာလွန်းဒေါဆုရှင်လို့ သတ်မှတ်နေကြပြီး အခုလည်း အသင်းဖော် ရာဖင်ဟာကပါ ယာမားလ်က ဘာလွန်းဒေါဆုကို တစ်ကြိမ်ထက်တောင် ပိုမို ရယူနိုင်မယ်လို့ ပြောလာပါတယ်။
Photo Credit : Yardbarker
“လာမင်းက ဘာလွန်းဒေါဆုကို တော်တော်များများ ဆွတ်ခူးနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘယ်နှစ်ကြိမ်လောက် ဖြစ်မလဲဆိုရင် (၃)ကြိမ်လောက်လို့ ပြောရအောင်။” လို့ ရာဖင်ဟာက ပြောဆိုခဲ့ပြီး သူကိုယ်တိုင်အတွက်ကတော့ ဆုဖလားတွေ ရယူသွားနိုင်ဖို့က ပိုမို အရေးကြီးတဲ့ အရာလို့ ဆိုလာခဲ့ပါတယ်။
“ကျွန်တော်ရဲ့ ရည်မှန်းချက်ကတော့ နေ့တိုင်း နေ့တိုင်း ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်နေဖို့ပါပဲ။ ဘာလွန်းဒေါဆုရှင်တစ်ယောက် ဖြစ်သွားခဲ့ရင်တော့လည်း ဒါက ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက်ကတော့ တစ်ဦးချင်း ဆုတွေထက် ကျွန်တော် ကစားနေတဲ့ အသင်းတွေနဲ့အတူ အသင်းလိုက် ဆုဖလားတွေ ရယူနိုင်ဖို့ပါပဲ။” လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။