ဩစတီးယား လက်ရွေးစင်အသင်းကို ကိုင်တွယ်နေတဲ့ ဝါရင့် နည်းပြကြီး ရန်းဂ်နစ်က မကြာသေးမီကမှ ဘိုင်ယန်မြူးနစ် ကနေ ထုတ်ပယ်ခံထားရတဲ့ ဂျာမန်နည်းပြ နာဂယ်စမန်းဟာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးဆီ ပြောင်းရွှေ့သင့်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အားကစားဒါရိုက်တာ အဖြစ်ရော ၊ နည်းပြအဖြစ်ပါ လုပ်ကိုင်တတ်တဲ့ ရန်းဂ်နစ်နဲ့ နာဂယ်စမန်းတို့က ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်မှာ အတူတူ အလုပ်တွဲလုပ်ဖူးသူတွေ ဖြစ်ပြီး ရန်းဂ်နစ်က လိုက်ပ်ဇစ်ရဲ့ အားကစားဒါရိုက်တာ အဖြစ် လုပ်ကိုင်နေချိန်မှာ ဟော့ဖန်ဟိမ်းနဲ့အတူ နာမည်ကြီးလာတဲ့ နာဂယ်စမန်းကို လိုက်ပ်ဇစ်ဆီ ယုံယုံကြည်ကြည်နဲ့ ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Mirror

ရန်းဂ်နစ်ကြောင့်သာ နာဂယ်စမန်းက သူ့ရဲ့ နည်းစနစ်တွေကို ချန်ပီယံလိဂ်ဇာတ်ခုံပေါ်မှာ ချပြခွင့် ရခဲ့တာ ဖြစ်ပြီး ရန်းဂ်နစ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားချိန်မှာ နာဂယ်စမန်းကလည်း လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ထံ ဘောလုံးနည်းပြ တဦး အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

နာဂယ်စမန်းက ဘိုင်ယန်မြူးနစ် အတွက် ထိုက်သင့်တဲ့ ရလဒ်ကောင်းတွေ ရယူပေးနိုင်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့က နာဂယ်စမန်းဟာ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေကို ခြေစွမ်းတွေ ပိုတိုးတက်လာအောင် မလုပ်ပေးနိုင်ခဲ့ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ မကြာသေးမီကပဲ နာဂယ်စမန်းကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး နာဂယ်စမန်းရဲ့ နေရာအတွက် ဒေါ့မွန် ၊ ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးတို့ရဲ့ နည်းပြဟောင်း တူဟယ်လ်ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

Photo Credit: Mirror

လက်ရှိမှာတော့ နာဂယ်စမန်းက အသင်းလက်မဲ့ နည်းပြတဦး ဖြစ်နေပြီး ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက သူ့ကို နည်းပြသစ် အဖြစ် ခေါ်ယူ ခန့်အပ်ဖို့ ကြိုးစားနေကာ နာဂယ်စမန်းနဲ့ လက်တွဲဖူးသလို ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ယာယီနည်းပြ အဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ ရန်းဂ်နစ်ကတော့ နာဂယ်စမန်းဟာ စပါးရဲ့ ကမ်းလှမ်းမှုကို လက်ခံသင့်ကြောင်း ဆိုလာပါတယ်။

ရန်းဂ်နစ်က – “ကျွန်တော်ကတော့ စပါးဟာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အသင်းကောင်းလို့ ထင်ပါတယ်။ စပါးက လက်ရှိ ကမ္ဘာပေါ်မှာ ခေတ်အမှီဆုံးနဲ့ ခေတ်ရှေ့အပြေးဆုံး ဘောလုံးကွင်းတွေထဲက တခုကို ပိုင်ဆိုင်ထားပါတယ်။ ပြီးတော့ သူတို့အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာလည်း နောက်ဆုံးပေါ် စက်ကိရိယာတွေ အများကြီး ရှိပါတယ်။ ဒန်နီရယ် လီဗိုင်းလို အသင်းကို ကာလရှည် ထိန်းကျောင်းခဲ့တဲ့ ဥက္ကဌ တဦးကလည်း စပါးမှာ ရှိနေပါသေးတယ်။ လီဗိုင်းက အပြောင်းအရွှေ့ ဈေးကွက်တွေမှာ ငွေကြေးတွေ အများကြီး သုံးစွဲတတ်သူ မဟုတ်ပေမယ့် သူက အပြောင်းအရွှေ့တွေ ဘယ်လိုလုပ်ရမလဲ ဆိုတာ ကောင်းကောင်းကြီး သိပါတယ်။ စပါးကသာ နာဂယ်စမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်ရင် သူတို့ဟာ အရမ်းတော်တဲ့ အားကစားဒါရိုက်တာ တဦး မဖြစ်မနေ ခန့်ဖို့ လိုအပ်ပါတယ်။ အဲ့ဒီ အားကစားဒါရိုက်တာကလည်း နာဂယ်စမန်းကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်တဲ့သူ ဖြစ်ရပါမယ်။ နာဂယ်စမန်းကသာ စပါးဆီ ပြောင်းရွှေ့သွားခဲ့ရင် ဒါက အတော်လေး စိတ်ဝင်စားစရာ ကောင်းတဲ့ ပုံပြင်တပုဒ် ဖြစ်လာပါလိမ့်မယ်။ စပါးမှာ တိုးတက်ဖို့ လိုနေသေးတဲ့ အချက်တွေ အများကြီး ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့က နာဂယ်စမန်းကို ရခဲ့ရင်တောင် ချက်ချင်းကြီး ပရီးမီးယားလိဂ်ရဲ့ အဆင့်၂ ၊ အဆင့်၃ စတဲ့ နေရာတွေကို ရဖို့ မလွယ်ပါဘူး” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။