ယခု နွေဈေးကွက် အတွင်းမှာပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အတိုင်ပင်ခံရာထူး ကနေ နုတ်ထွက်ပြီး ဩစတီးယား လက်ရွေးစင် အသင်းကို ကိုင်တွယ်နေတဲ့ ရန်းဂ်နစ်က သူ့ရဲ့ လက်ရွေးစင် ကစားသမားလည်းဖြစ် ၊ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမားလည်း ဖြစ်တဲ့ ကာလာဒစ်ချ်ကို စတုဂတ်ကနေ ထွက်ခွာပြီး မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မာရှယ်နဲ့ ရိုနယ်ဒိုတို့ နှစ်ဦးထဲသာ ရှိနေတာကြောင့် စတုဂတ်နဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကာလာဒစ်ချ်ကို ပြောင်းရွှေ့ကြေး သက်သက်သာသာနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး စတုဂတ်ကလည်း ကာလာဒစ်ချ်ကို ရောင်းချချင်နေပါတယ်။

Photo Credit: Sports Brief

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က လက်ကျန် နွေဈေးကွက် အတွင်းမှာ မာရှယ် ၊ ရိုနယ်ဒိုတို့နဲ့ မတူညီပဲ ကြံ့ခိုင်မှု အသားပေး ကစားနိုင်တဲ့ တိုက်စစ်မှူး တဦးကို ခေါ်ယူချင်နေပြီး ကာလာဒစ်ချ်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ် တိုက်စစ်မှူးတွေထဲက တဦးပဲ ဖြစ်ပါတယ်။

နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Bild သတင်းဌာနရဲ့ ဖော်ပြချက်အရ စတုဂတ်က သူတို့အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကာလာဒစ်ချ်ကို စာချုပ်သစ် မချုပ်ချင်တော့သလို ကာလာဒစ်ချ်ကို ယခု နွေဈေးကွက် အတွင်းမှာပဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ကာလာဒစ်ချ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

Photo Credit: Sports Brief

ဒါပေမယ့် ဩစတီးယားရဲ့ နည်းပြချုပ် ရန်းဂ်နစ်ကတော့ သူ့ရဲ့ တိုက်စစ်မှူးကို ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့စေချင်ပဲ ကာလာဒစ်ချ်အနေနဲ့ အသင်းပြောင်းဖို့ထက် စတုဂတ်မှာပဲ ဆက်နေပြီး သူ့ရဲ့ ကြံ့ခိုင်မှုကို ပြန်လည် တည်ဆောက်သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ရန်းဂ်နစ်က – “အခုချိန်မှာ ကာလာဒစ်ချ်အတွက် အရေးကြီးဆုံးက ဒဏ်ရာကင်းနေဖို့ပါပဲ။ ပြီးတော့ သူက အမြင့်ဆုံး အနေအထား တရပ်မှာ လေ့ကျင့်ဖို့နဲ့ ကစားနေဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ သူသာ ဒီရာသီမှာ စတုဂတ်မှာပဲ ဆက်နေမယ် ဆိုရင် ဒါက သူ့ရဲ့ တိုးတက်မှုကို နှောင့်နှေးစေမယ့် အရာမျိုး မဟုတ်ပါဘူး” လို့ ပြောကြားခဲ့တာ ဖြစ်သလို ကာလာဒစ်ချ်နဲ့ နှစ်ဦးထဲ တွေ့ဆုံချိန်မှာလည်း ယူနိုက်တက်ဆီ မပြောင်းရွှေ့ဖို့ အကြံပေးခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။