ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ရမ်စဒဲလ်က သူဟာ သူ့ရဲ့ ကစားသမားဘဝ တလျှောက်လုံးကို အာဆင်နယ်မှာပဲ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား ရမ်စဒဲလ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှက်ဖီးလ် ယူနိုက်တက် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းထံ စတင် ရောက်ရှိချိန်မှာပဲ နံပါတ် ၁ ဂိုးသမားရာထူးကို ရယူနိုင်ခဲ့သူပါ။

Photo Credit: Sky Sports

ရမ်စဒဲလ်က အာဆင်နယ်ဆီ စစရောက်ချင်းမှာပဲ လီနိုကို ကျော်ဖြတ်ကာ အသင်းရဲ့ နံပါတ် ၁ ဂိုးသမား ရာထူးကို ရရှိခဲ့သလို သူ့ရဲ့ ဘောလုံးပေးပို့နိုင်စွမ်း ၊ ဖြတ်တင်ဘောတွေကို ပုတ်ထုတ် ကာကွယ်နိုင်စွမ်းနဲ့ ဂိုးပေါက်ကာကွယ်နိုင်စွမ်းတို့ကြောင့် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမား ၅ဦး စာရင်းထဲ ပါဝင်နေပါတယ်။

အာဆင်နယ်နဲ့အတူ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့်ပဲ ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က ရမ်စဒဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာကြပေမယ့် ရမ်စဒဲလ်ကတော့ သူဟာ အာဆင်နယ်မှာ နောက်ထပ် ၁၅နှစ်လောက် ထပ်နေဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

ရမ်စဒဲလ်က – “ကျွန်တော်က အာဆင်နယ်မှာ နောက်ထပ် ၁၀နှစ် ၊ ၁၂နှစ် ၊ ၁၅နှစ်လောက် ထပ်ကစားဖို့ ဆုံးဖြတ်ထားပါတယ်။ ဒါက ကျွန်တော့်ရဲ့ ရည်မှန်းချက်ပါပဲ။ ကျွန်တော်က နောက်ထပ် ၁၅နှစ်လောက် ထိပ်တန်းအဆင့် လက်စွမ်းကို ပိုင်ဆိုင်ထားဦးမယ်လို့လည်း ယုံကြည်ထားပါတယ်။ ကျွန်တော်က အာဆင်နယ် ကနေ ဘယ်တော့မှ မထွက်ခွာရဖို့ မျှော်လင့်မိသလို အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး အဖြစ်နဲ့ ဒီအသင်းမှာပဲ အနားယူချင်ပါတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။