ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဂိုးသမားနေရာ အတွက် လာမယ့် နွေဈေးကွက်မှာ အာဆင်နယ်ရဲ့ အရန်ဂိုးသမား အာရွန် ရမ်စဒဲလ်ကို ခေါ်ယူဖို့ အတွက် ရမ်စဒဲလ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီးပြီလို့ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

နယူးကာဆယ်က ဆော်ဒီတော်ဝင်မိသားစုရဲ့ ဝယ်ယူခြင်းကို ခံခဲ့ရပြီးနောက် ငွေကြေး အလုံးအရင်း သုံးစွဲကာ အရည်အသွေးမြင့် ကစားသမားတွေကို ဆက်တိုက် ခေါ်ယူခဲ့ပြီး မှန်ကန်တဲ့ အားဖြည့်မှုတွေကြောင့်ပဲ နယူးကာဆယ်ဟာ အခုချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးအသင်းတွေထဲ ပါဝင်နေပါပြီ။

Photo Credit: Sky Sports

နယူးကာဆယ်က နေရာစုံမှာ ထိပ်တန်း ကစားသမားတွေ ရှိနေပေမယ့် သူတို့ရဲ့ ဂိုးသမားနေရာကတော့ အခြား ထိပ်သီးအသင်းတွေနဲ့ ယှဉ်ပြိုင်ရင် အားနည်းနေပြီး နယူးကာဆယ်ဟာ ဂိုးသမားနေရာမှာ နစ်ပုတ် ၊ ဒူဗရက်ကာနဲ့ ကာရီးယပ်စ်တို့ကို ပိုင်ဆိုင်ထားပေမယ့် သုံးဦးစလုံးဟာ ထိပ်တန်း ဂိုးသမားတွေ မဟုတ်ကြပါဘူး။

ဒါကြောင့်ပဲ နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက အာဆင်နယ်ရဲ့ ဂိုးပေါက်ကို ၂ရာသီကြာ ကာကွယ် စောင့်ရှောက်ခဲ့ပေမယ့် ဒီရာသီမှာ ဒေးဗစ် ရာယာကြောင့် အရန်ခုံ ထိုင်နေရတဲ့ ရမ်စဒဲလ်ကို ခေါ်ယူဖို့ အတွက် မျက်စိကျလာခဲ့ပြီး ရမ်စဒဲလ်ကလည်း ပွဲထွက်ဂိုးသမား ဖြစ်ချင်တာကြောင့် အာဆင်နယ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sportရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က လာမယ့် နွေဈေးကွက်မှာ ရမ်စဒဲလ်ကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး နယူးကာဆယ်ဟာ ရမ်စဒဲလ်ရဲ့ ပြောင်းရွှေ့ကြေး အတွက် အာဆင်နယ်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်ရန်သာ လိုအပ်တော့ကြောင်း သိရှိရပါတယ်။

အသက် ၂၆နှစ် အရွယ် အင်္ဂလန်ဂိုးသမား ရမ်စဒဲလ်က ၂၀၂၁ခုနှစ်မှာ ရှက်ဖီးလ် ယူနိုက်တက် ကနေ အာဆင်နယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၂၈သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက အာဆင်နယ်နဲ့အတူ ကွန်မြူနတီဒိုင်း တခုကို ဆွတ်ခူး ရယူထားနိုင်ကာ အာဆင်နယ်ကတော့ ရမ်စဒဲလ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၅သန်း ဝန်းကျင် အလိုရှိနေပါတယ်။